..............................

Tuesday, March 24, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း - အပိုင်း (၁၀)

[နိဂုံးပိုင်း]
မတ်လ ၂၃၊ ၂၀၀၉

“ - - - - ကျမ ဆွေးနွေးဖို့ ငြင်းဆန်တဲ့ အကြောင်းအရာ တခုပဲ ရှိပါတယ်။

ကျမနိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ကိစ္စကိုပါပဲ - - - “

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားအနေနဲ့ အတွင်းရေးမှူး (၁) ကို ပါးစရာ စကား ရှိသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမအနေနဲ့ နဝတနဲ့ တွေ့ဆုံ ဆွေးနွေးလိုပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲမှာ နဝတထဲက ပုဂ္ဂိုလ် တဦးဦးနဲ့ မျက်နှာချင်းဆိုင် ပြောချင်တာ ဖြစ်ပါတယ်။ ကြားခံလူ ထားပြီးတော့ ပြောတာ မျိုးမဟုတ်ပါဘူ။

မစ္စတာရစ်ချဒ်ဆန်။ ။ တွေ့ဆုံဆွေးနွေးပွဲဟာ ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ပထမ အကြိုဆွေးနွေးပွဲ တခုနဲ့ စဖို့ လိုအပ် ပါလိမ့်မယ်။ တကယ့် ဆွေးနွေးပွဲဟာ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာ အပေါ် သဘောတူညီချက် ယူကြရလိမ့်မယ်။ ဒီနည်းနဲ့ ကျမတို့ တဦးပေါ်တဦး ယုံကြည် စိတ်ချရမှုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီမှ တဆင့် ကျမတို့ဟာ အနှစ်သာရ ရှိတဲ့ အဓိက ဆွေးနွေးမှုအဆင့်ကို တက်လှမ်းနိုင်ကြပါမယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ နိုင်ငံတကာကို ခင်ဗျားရဲ့ အဓိက မှာကြားလိုချက်က ဘာများပါလိမ့်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျေးဇူးပြုပြီး နဝတကို ဆက်လက် တောင်းဆိုပေးကြပါ။ အပြည်ပြည် ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ ထိရောက်မှု ရှိပါတယ်။ ကျမ ဒီလို မှတ်ချက်ပြုတာကိုတော့ အများတကာကို မပြောပြစေချင်ဘူး။ ဒါပေမယ့် နဝတဟာ စိတ်လှုပ်ရှားမှုကို အခြေပြုပြီး ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။ ဆင်ခြင်တုံ ဉာဏ်ရည်နဲ့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ အပြည်ပြည် ဆိုင်ရာရဲ့ ဖိအားပေးမှုဟာ အင်မတန် အထောက်အကူ ရနေပါတယ်။ နဝတ အဖွဲ့ဝင်တွေဟာ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ သူတို့အကြောင်း ဘယ်လိုတွေ ဆိုကြ ရေးကြတယ် ဆိုတာအပေါ် အင်မတန် ဆတ်ဆတ်ထိမခံ လှုပ်ရှား လွယ်တတ်ကြပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ အခု ကျနော်တို့ တွေ့ကြဆုံကြတာကို ခင်ဗျားအနေနဲ့ ကျေနပ်မှု ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ ပျော်ရွင် အားရပါတယ်။ ဒီစကားဝိုင်းကနေ ဘယ်စခန်းကို ဦးတည်မလဲ ဆိုတာတော့ မရှင်းလှပါဘူး။ ကျမတို့ဟာ အင်မတန်ကို ကြိုတွက်ရခက်တဲ့ အစိုးရနဲ့ ဆက်ဆံနေရပါတယ်။ နဝတဟာ စိုးရိမ်စိတ်တွေရဲ့ လမ်းညွှန်တဲ့ အတိုင်း ဆောင်ရွက်နေတာပါ။

မစ္စတာရှယ်နွန်။ ။ တချို့က ခင်ဗျားဟာ ခေါင်းမာတယ်လို့ ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ ဆွေးနွေးဖို့ ငြင်းဆန်တဲ့ အကြောင်းအရာ တခုပဲ ရှိပါတယ်။ ကျမနိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ကိစ္စကိုပါပဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ အပေးအယူလုပ်တဲ့ နည်းနဲ့ အဖြေရှာကြတယ် ဆိုပါစို့ဗျာ၊ ဥပမာ- ခင်ဗျားအနေနဲ့ နိုင်ငံရေးကနေပြီး သုံးနှစ်ကနေ ငါးနှစ်အထိ ထွက်ပြီး နေပေးဖို့ ခင်ဗျား သဘောတူနိုင်ပါ့မလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီကိစ္စကို သူတို့ ကျမနဲ့ ပြောနိုင်ပါတယ်။ သူတို့ဟာ အနာဂတ် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို အာမခံချက်တွေကို ဘယ်လို ရည်ညွှန်း ပြောဆိုမယ် ဆိုတဲ့ အပေါ် တည်တာပေါ့။ ကျမအနေနဲ့ အမြဲတမ်းပဲ ပြန်လည် သင့်မြတ်ရေးကို တည်ဆောက် လိုခဲ့တာပါ။ ကျမဟာ အမြဲတမ်းပဲ အကြမ်း မဖက်ရေး အတွက်ကို လျှောက်လဲနေခဲ့တာပါ။ ဒါပေမယ့် နဝတဟာ လက်နက်ကိုင် သူပုန်ထ နေသူများနဲ့တော့ စကားပြော ဆွေးနွေးဖို့ ဝန်လေးပုံ မရပါဘူး။ နဝတဟာ အကြမ်းဖက်ဖို့လည်း ဝန်လေးပုံ မရပါဘူး။ အဲဒါကတော့ တကယ့်ကို ဝမ်းနည်းစရာ ကောင်းတဲ့ အချက်ပါ။

မစ္စတာရစ်ချဒ်ဆန်။ ။ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို စွမ်းစွမ်းတမံ ထောက်ခံ အားပေးနေပါတယ်။ သမ္မတကြီး ကလင်တန်ကလည်း ခင်ဗျားနဲ့ ပတ်သက်လို့ တော်တော်လေး စိုးရိမ်သောက ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တယောက် ခန့်ထားရေးအတွက် ကြိုးပမ်းနေပါတယ်။ ကျနော်တို့ (အမေရိကန်တွေ) အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် တာဝန်ယူ ထားပြီးကြပါပြီ။ ကျနော် ခင်ဗျားကို ရှင်းရှင်းလင်းလင်း သိစေချင်တာက ခင်ဗျားကို ချွင်းချက်မရှိ၊ ချို့ယွင်းချက် မရှိ လွှတ်ပေးဖို့ ကျနော် တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျေးဇူးပြုပြီး ကျမစောစောက ပြောခဲ့တဲ့ စကားကို ကောက်ချက်ချ မမှားစေချင်ဘူး။ ဆိုလိုတာက အစောက ကျမ နိုင်ငံရေးလောက ကနေ သတ်မှတ်ချိန် အတိုင်းအတာ တခုအတွင်း မပါဝင်ဘဲ နေမယ်ဆိုတဲ့ ကိစ္စကို နဝတနဲ့ ဆွေးနွေးရာမှာ အပေးအယူ လုပ်ပြီး ဆွေးနွေးမယ့် ကိစ္စပေါ့လေ။ ကျမ ဒီမိုကရေစီ လှုပ်ရှားမှုကြီးထဲကို ပါဝင်လာတဲ့ အခါမှာ ကျမအနေနဲ့ ကတိတွေ သိပ် မပေးခဲ့ပါဘူး။ ဒါပေမယ့် ကတိတခုတော့ သေသေချာချာ ကျမပြုခဲ့ပါတယ်။ ကျမဟာ ဒီလှုပ်ရှားမှုကြီးကို ဒီမိုကရေစီ ပန်းတိုင်ရောက်တဲ့ အထိ ကြိုးပမ်းပါ့မယ် ဆိုတဲ့ ကတိပါ။ ကျမအနေနဲ့က ရာထူးဌာနတ္တရ တခုခု ရဖို့ ဆိုတာက ပြဿနာ တခု မဟုတ်ပါဘူး။ ရာထူးရရှိရေး ဆိုတာကလည်း ကျမရဲ့ ရည်မှန်ချက် ပန်းတိုင် မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ သိက္ခာ တန်ဖိုးတချို့ကို ဆက်လက် ထိန်းသိမ်း မြှင့်တင်ထားဖို့တော့ လိုပါမယ်။

တကယ်လို့ သူတို့ဟာ တခုခုကို ကြောက်ရွံ့ စိုးရိမ်နေကြမယ်၊ ကျမရဲ့ နောက်နားမှာ ကိုလိုနီ လက်သစ် တစ္ဆေကောင်ကြီး ကပ်ပြီး ရှိနေတယ်လို့ သူတို့ တကယ့်ကို လေးလေးနက်နက် ထင်မြင် ယုံကြည်နေကြရင် ကျမနဲ့ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး သင့်တာပေါ့။ ကျမဟာ မြန်မာနိုင်ငံကိုပဲ သစ္စာစောင့်သိသူ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမလို လူစားမျိုးကတော့ မြန်မာမျိုးချစ်စိတ်ကို ဖော်ပြတဲ့ အနေနဲ့ တခြား နိုင်ငံတွေကိုရော၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေကိုပါ လျှောက်ဆဲပြနေမှာ မဟုတ်ဘူး။

သူတို့ ယခုတလော ရေးဆွဲနေကြတဲ့ အခြေခံဥပဒေ သစ်ထဲက သမ္မတရဲ့ အရည်အချင်း သတ်မှတ်ပုံတွေကို ကျမ သိပ်အံ့သြပါတယ်။ ဒါဟာ ဘာကို ရောင်ပြန် ဟပ်ပြနေသလဲ ဆိုတော့ သူတို့ဟာ ဒီမိုကရေစီ စနစ်ကို နားလည်မှု လွဲနေတာရယ်၊ မြန်မာပြည်သူ လူထုကို နားလည်မှု လွဲနေတာကို ဖော်ပြနေတာပါပဲ။ လူထုက ယုံကြည် ထောက်ခံနေတဲ့ အခိုက်အတန့် အထိပဲ နိုင်ငံတော်ရဲ့ ရာထူး တာဝန်ကြီးတွေမှာ ခန့်အပ်ခံရမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံတော်မှာ သူတို့က ဘယ်လို ဘယ်ပုံ ရွှေဉာဏ်တော် စူးပြီး မြန်မာနိုင်ငံကို တစုံတယောက်က နိုင်ငံခြား သြဇာခံဖြစ်အောင် ပြုလုပ်လိမ့်မယ်လို့ တွေးခေါ်နေပါလိမ့်။

မြန်မာနိုင်ငံ လူထုကလည်း သူတို့အကျိုးကို သယ်ပိုးမယ့် ပုဂ္ဂိုလ်ကိုပဲ ထောက်ခံကြမှာပဲဟာ။ နိုင်ငံခြားအကျိုးကို လိုလားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကို ထောက်ခံအားပေးကြမှာ မဟုတ်ဘူး ဆိုတာကို ထည့်မစဉ်းစား မိကြဘူးနဲ့ တူပါတယ်။

ကျမ မြန်မာနိုင်ငံမှာ အခု ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်တာကလည်း ကျမ ထွက်ခွာသွားရင် မြန်မာလူထုကြီးက ခွင့်မလွှတ်ဘဲ နေမှာကို ကြောက်ရွံ့ နေလို့တော့ မဟုတ်ပါဘူး။ ၁၉၇ဝ- စောစောပိုင်းက မိသားစုများနဲ့ ဆုံစည်းဖို့ ကျမ မြန်မာပြည်ကို ပြန်လာတော့ ကျမ နိုင်ငံရေး လုပ်ဖို့ စိတ်ဝင်စားသလားလို သွယ်ဝိုက်ပြီး ကျမကို မေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပေးခဲ့တဲ့ ကျမရဲ့အဖြေထဲမှာ ---- ကျမ နိုင်ငံရေးထဲ ပါဝင်ပတ်သက်ချင်တဲ့ အခါကျရင် ကျမဟာ မြန်မာနိုင်ငံ အတွင်းမှာပဲ နေပြီး ပါဝင် ဆောင်ရွက်မှာပါ လို့ ဖြေခဲ့ပါတယ်။ သူတို့ကို အဲဒီတုန်းက ပေးခဲ့တဲ့ အဖြေကနေပြီး မသွေဖီ ချင်တာပါပဲ။

မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့နဲ့ အခြား အဖွဲ့ အစည်းတွေဟာ သူတို့ တတ်နိုင်သလောက် လုပ်နေကြပါတယ်။ ဒါပေမယ့် ပြည်တွင်းက နေပြီး ဒီမိုကရေစီ ရရှိရေးအတွက် လုပ်မယ့်လူတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျမဟာ ဒီနိုင်ငံထဲမှာ ရှိဖို့ကို လိုအပ်ပါတယ်။ ဒီ့အပြင်၊ လူတွေကို သူတို့ တိုင်းပြည်ထဲကနေပြီး မောင်းထုတ်တယ် ဆိုတဲ့ အခြေခံမူကိုက လက်ခံနိုင်စရာ မရှိပါဘူး။

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားဆီမှာ ရုပ်မြင်သံကြားရော ရှိသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကို ထိန်းသိမ်းတဲ့ ကာလကတည်းက အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်။ ကျမ ဖွင့်မကြည့်ပါဘူး။ ဂြိုလ်တု ဆက်သွယ်စက်တော့ မရှိပါဘူး။ ကျမကို ထိန်းသိမ်းရေး တာဝန်ခံ ဗိုလ်မှူးကြီးကို ကျမက တီဗွီမှာ ဂြိုလ်တု ဆက်သွယ်စက် တပ်ဆင်လိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ မကြာခင်မှာပဲ ဂြိုလ်တု ဆက်သွယ်စက် တပ်ဆင်လိုသူတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက် စည်းကမ်းတွေ ထွက်လာပါတယ်။ ကျမ တပ်ဆင်လိုတာနဲ့ ဒီစည်းကမ်း သတ်မှတ်ချက်တွေ ထွက်လာတာ ဆက်စပ်မှု ရှိ – မရှိ ဆိုတာတော့ ကျမ မသိပါဘူး။ ကျမက ဆက်ပြီး အကောင်း မြင်နေတုန်းပါပဲ။ ကျမရဲ့ သဘာဝကိုက အကောင်းမြင် သမားပါ။ ကျမဟာ မြန်မာ ပြည်သူလူထု အပေါ်မှာလည်း ယုံကြည် စိတ်ချပြီးသားပါ။ ကျမတို့ တတွေအားလုံးဟာ အပြစ်အ နာအဆာ ကင်းသူတွေချည်းပဲ မဟုတ်ကြပါဘူး။ ကျမတို့ရဲ့ ပြည်သူတွေကို အလွယ်တကူ ခြိမ်းခြောက်လို့ ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ပါးနပ် တော်တည့်ပြီး ဉာဏ်အမြှော်အမြင် ထက်မြက်ကြပါတယ်။ ကျမကတော့ ဆက်လက် ယုံကြည်နေဆဲပါ- ကျမတို့ ပြည်သူတွေ အဲဒီပန်းတိုင်ကို ရောက်သွားကြမှာပါ လို့။

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားရဲ့ သားလေးတွေကို ခုလိုစွန့်ခွာ ထားရစ်ခဲ့တဲ့ မိခင်တဦး အနေနဲ့ အဲဒီ အပြုအမူအပေါ် ဘယ်လို ထုချေ ဖြေရှင်းမလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူတို့လေးတွေနဲ့အတူ ကျမ ရှိမနေတဲ့ အတွက် ကျမ လိပ်ပြာမှာ အပြစ်မကင်း ဖြစ်နေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် မိုက်ကယ်လ် အနေနဲ့ ကြိုးစား ဖြည့်ဆည်း ပေးနေတယ်ဆိုတာ ကျမ သိနေပါတယ်။ သူတို့တတွေ အားလုံးက ကျမအပေါ် နားလည်မှု ရှိကြပါတယ်ရှင်။

[ ပြီးပါပြီ။ ]

(ဘာသာပြန်သူ - တာရာဝေယံ)

Ref: မိုးမခ

....

0 comments:

အပေါ်သို့