..............................

Friday, November 30, 2012

လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး

2012-11-29

နိုဝင်ဘာ၂၉ ရက်နေ့ မနက်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ် စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒ ဗုံးနဲ့ မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယို ဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီး ယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြား လိုက်ပါတယ်။

"အဲဒါက နိုင်ငံတကာမှာ သုံးနေတဲ့ အဓိကရုဏ်းနှိမ်နှင်းတဲ့ လက်နက်၊ မီးခိုးဗုံးပါ၊ မျက်ရည်ယိုဗုံးလို့ ခေါ်ပါတယ်။ မီိးခိုးဗုံး ကျတဲ့ အချိန်မှာ ပေါက်ကွဲမှု နည်းနည်းဖြစ်တယ်။ အဲဒီကနေပြီးမှ အဲဒီမီးခိုးဗုံးမှာ မီးလောင်တဲ့ ဥစ္စာရှိပါတယ်။ အဲဒါက သူ့ Chemical ပေါ့၊ အဲဒီ Chemical လေးတွေ စင်တတ်ပါတယ်။"

နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက သပိတ်စခန်းတွေကို အင်အားသုံးဖြိုဖျက် လိုက်တာဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ညွှန်ကြားချက် မဟုတ်ဘဲ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဗိုလ်မှုးကြီး ယုလွင်က ဆက်လက် ပြောပါတယ်။

ဒါပေမယ့် အဲဒီအဖြစ်အပျက်ကို ကိုယ်တွေ့ ကြုံတွေ့လိုက်ရတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ တာဝန်ခံ ကိုသောင်းထိုက်ကတော့ အာဏာပိုင်တွေက သပိတ် စခန်းတွေကို ဖြိုခွဲရာမှာ မီးလောင်ဗုံးတွေလည်း သုံးတယ်လို့ အခုလို ပြောပါတယ်။

"သုံးသွားတဲ့ဗုံးက နှစ်မျိုးပေါ့နော်၊ မျက်ရည်ယိုဗုံးရယ်၊ မီးလောင်ဗုံးရယ်၊ မီးလောင်ဗုံး တစ်မျိုးက ကျွန်တော် အခွံ တစ်ခုတော့ ရထားလိုက်တယ်၊ သူမှာရေးထားတာက LOD 01/12/95"

ဒီကနေ့ ဆေးရုံမှာ မီးလောင် ဒဏ်ရာတွေရရှိတာကြောင့် ဆေးကုသမှု ခံယူနေတဲ့ သံဃာတော်တွေနဲ့ လက်ပန်းတောင် အရေး လှုပ်ရှားသူ တစ်ချို့ရဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်တဲ့ အခါမှာ အာဏာပိုင်တွေဟာ မီးလောင်ဗုံးကို အသုံးပြုပြီး၊ သပိတ်စခန်းတွေကို ဖြိုခွဲ ခဲ့တယ်လို့ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။

" မျက်ရည်ယိုဗုံးဆိုရင် မျက်စိစပ်လာမယ်၊ လည်ချောင်းတွေယားလာမယ်၊ မီးလောင်ဖုတွေ ထွက်လာ မယ်ဗျာ၊ ဒီလိုမျိုး မီးလောင် တာမျိုးတွေတော့ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးဘူး၊ အဓိက ကတော့ မီးလောင်ဗုံးဖြစ်ဖို့ များတယ်"

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲခဲ့တဲ့ အတွက် သံဃာတော် ၂၉ ပါးဟာ မုံရွာပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး၊ဒဏ်ရာ ပြင်းထန်တဲ့ သံဃာတော် တစ်ပါးကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့