..............................

Thursday, November 29, 2012

လက်ပံတောင်း စီမံကိန်းဧရိယာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ထားသဖြင့် ဒဏ်ရာ ရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ

Thursday, 29 November 2012

လက်ပံတောင်း စီမံကိန်းဧရိယာ အတွင်း၌ရှိသော သပိတ်စခန်းများအား ယနေ့နံနက် ၃ နာရီတွင် ရဲတပ်ဖွဲ့ ၀င်များက အင်အားသုံး ဖြိုခွင်း ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ရာ နံနက် ၁၀ နာရီအချိန်အထိ ဒဏ်ရာရရှိသူ အများစုသည် အနီး ပတ်ဝန်းကျင် ကျေးရွာများ တွင် ပုန်းအောင်းနေရဆဲဖြစ်ပြီး ဆေးကုသမှု ခံယူရန် အရေးတကြီး လိုအပ်နေကြောင်း သတင်း ရရှိပါသည်။

နံနက် ၃ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များဖြင့်စတင်ရှင်းလင်းခဲ့ပြီး လူစုမကွဲဘဲ ကျန်ရှိနေသူ များအား မီးလောင် ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အဆိုပါဒေသတွင် ရောက်ရှိနေသော Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။ မီးလောင်ဗုံးဖြင့် နှိမ်နင်းခြင်းကြောင့် သံဃာတော်အများအပြား မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

“ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေ အတော်များများ မီးလောင်ခံရပါတယ်။ အနီးပတ်ဝန်းကျင်က ရွာတွေဆီ ပြေးလွှား တမ်းရှောင်ရင်း ဖြစ်သလို ဆေမြီးတိုနဲ့ ကုသနေရတာ များပါတယ်။ လူမှုရေး အဖွဲ့တွေ အကူအညီနဲ့ မုံရွာဆေးရုံကို သံဃာအပါး အစိတ်လောက် ရောက်သွားပါပြီ။ အခု လုံခြုံရေးတွေက စီမံကိန်းဧရိယာ တစ်ခုလုံးမှာရှိတဲ့ လမ်းတွေကို ပိတ်ထားလို့ ပိတ်မိနေကြတယ်။ လူမှုရေး အဖွဲ့အစည်းတွေက ကားတွေကိုလည်း ၀င်ခွင့်မပေးတော့ဘူး။ အခုနောက်ဆုံး ကြားရတာကတော့ သံဃာတော် ၆ ပါး ပျံတော် မူသွားပြီလို့ ကြားရပါတယ်။ လမ်းတွေက ပိတ်ထားတဲ့အ တွက် အပြင်ထွက်ပြီး အတည်ပြုချက်ရဖို့ ခက်နေပါတယ်”ဟု EMG သတင်းထောက်က ပြောပါသည်။

Eleven Media Group အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း လုပ်ဆောင်နေသည့် လုံခြုံရေး အစီအမံ များနှင့် ပတ်သက်ပြီး တာဝန် ရှိသူများအား ဆက်သွယ် မေးမြန်းခဲ့ရာတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က “ကျွန်တော်တို့ လက်ပံတောင်းတောင် စီမံကိန်း တစ်ဝိုက် လုံခြုံရေးက တိုင်းရဲတပ်ဖွဲ့မှူး အစီအစဉ်၊ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်တွေနဲ့ လုံခြုံရေး ရယူ ထားပါတယ်။ မနေ့ည(နိုဝင်ဘာလ ၂၈ရက်နေ့ည)က ဖြစ်ပွား ခဲ့တဲ့ဖြစ်စဉ်ကို အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ ဒီနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ရှိတဲ့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်းဆိုသူတွေရဲ့ လိုအပ်ချက် ကို တရားဝင်စာနဲ့ တောင်းဆိုပါ။ လူကိုယ်တိုင်လည်း လာရောက်ညှိနှိုင်းလို့ ရပါတယ်။ တောင်းဆိုမှုတွေအတွက် ညှိနှိုင်းပြီး အမျှတဆုံး ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ရှိပါတယ်”ဟု ပြောကြား ခဲ့သည်။

Ref: EMG News

0 comments:

အပေါ်သို့