..............................

Friday, November 30, 2012

ဗိုလ်ချုပ်အောင်မင်းလည်းပြန်သွားရော လက်ပန်းတောင်းတောင်မှာ

ရဲဘော်ဖိုးသံချောင်း
November 29, 2012

ဦး(ဗိုလ်ချုပ်)အောင်မင်းတယောက် စိတ်ထဲရှိတာတွေအကုန်ပြောသလား၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အသေအလဲ ကြိုးစားနေရသလား မပြောတတ် ပါဘူး။ တိုင်းပြည်ကို ကာကွယ်မယ် ဆိုတဲ့၊ ကရင်ပြည်နယ် ထဲမှာ ထိုးစစ်တွေ ဆင်တုန်း လူထု ကိုရော၊ ကရင်တော်လှန်ရေး သမားတွေကိုပါ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ အခုကျတော့ ကြောက်သတဲ့။ တယ်လည်း အားထားစရာကောင်း ပါကလား။

ကာလကြာမြင့်လာတာနဲ့ အမျှ လက်ပံတောင်းတောင် သပိတ် သမားများဟာ အခက် အခဲနဲ့ စမ်းသပ်ချက်တွေ တခုပြီးတခု ရင်ဆိုင်ကျော်လွှားနေ ရပါတယ်။ တလောက သူ့လူ ကိုယ့်ဘက်သား လုပ်ပြီး အချိုသတ် လာပြောသူတွေ အမျိုးမျိုးကို တွေ့ ကြုံရပြီးနောက် အခုတခါ ဗိုလ်ချုပ် ၀န်ကြီး တယောက် ငိုချင်းချပြပြီးညာတာနဲ့ တွေ့ရပြန်ပါပြီ။ ဒီကိစ္စမှာ အချိုသတ်ပြော သူပဲဖြစ်ဖြစ်၊ ငိုချင်းချသူပဲဖြစ်ဖြစ်၊ တက်ထောင်မောင်းနင်းပြောသူပဲဖြစ်ဖြစ် သူတို့ပြောတဲ့ အဓိပ္ပာယ်တွေကတော့ အတူ တူချည့် ဖြစ်ပါတယ်။ အဲဒါကတော့ လူထုတွေကို ဘယ်လောက်ပဲ ထိခိုက်-ထိခိုက်၊ သဘာဝ ပတ်ဝန်းကျင်ကို ဘယ် လောက်ပဲ ဖျက်ဆီး-ဖျက်ဆီး ဒီလက်ပံတောင်းတောင် စီမံကိန်းကို မရပ်ဆိုင်း၊ မဖျက်သိမ်းနိုင်ဘူး ဆိုတာပါပဲ။

အခုတော့ ကြံ့ဖွတ်စစ်အစိုးရဟာ ပစပ်နဲ့မပြောတော့ပါဘူး။ ဖမ်းတယ်၊ ရိုက်တယ်၊ မျက်ရည် ယိုဗုံးနဲ့ပစ်တယ်၊ မီးလောင် ဗုံးနဲ့ ပစ်တယ် ဆိုတဲ့ အဆင့်ကို ရောက်လာပါပြီ။ ဗမာပြည် သမိုင်းမှာ တခါမှမသုံးဖူးတဲ့ ဓာတု လက်နက်တမျိုး ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ အစွယ်တွေပြန်ပေါ် လာပါပြီ။ အိုဘားမားက ကျားစွယ် တိုက်ပေးခဲ့တယ်လို့ပြောရင် ရမလားမသိ။

အားလုံးမြင်ကြ၊ ကြားကြတဲ့အတိုင်းပဲ ဦး(ဗိုလ်ချုပ်)အောင်မင်း လက်ပန်းတောင်မှာ ပြောတဲ့ စကားတွေဟာ အလစ် အငိုက် ခြုံခို တိုက်ခံရတဲ့တပ်လို သွေးရူးသွေးတန်း ပြောတဲ့ စကားတွေ မဟုတ်ပါဘူး။ မလာခင် အသေအချာစဉ်းစား၊ စကားလုံးရွေးပြီးမှ လာပြောတာ ဖြစ်ပါတယ်၊ အစီအစဉ်ရှိရှိ သူပြောသွား တာရဲ့ အချုပ်က တရုတ်ကိုလည်းကြောက်ရတယ်၊ လက်ပန်းတောင် စီမံကိန်းကို ဘာအကြောင်းကြောင့် နဲ့မှ မဖျက်သိမ်းနိုင်ဘူး ဆိုတာပါပဲ။ နိုင်ငံရဲ့တာဝန်ရှိသူ တယောက်က ဒီလိုပဲ အိမ်နီးနားချင်းနိုင်ငံကို ကြောက်ရကြောင်းပြောတာ ကမ္ဘာ့နိုင်ငံရေးမှာ ကြားရ ခဲလှတဲ့ စကားပါ။ သူမရှက်ပေမဲ့ တိုင်း ပြည်က ရှက်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်တဲ့ ကိစ္စကို တလုံးမှပြောမသွားတဲ့ ဦး(ဗိုလ်ချုပ်)အောင်မင်းဟာ အမေ ရိကန် သမတ အိုဘားမားကို လှမ်းပြီး မျက်ရည်ခံထိုးနေတာလို့ ဆိုနိုင်ပါတယ်။ သူပြောတာဟာ သူ့ တဦးတည်းရဲ့သဘော ထား မဟုတ်နိုင်ပါဘူး။ သူတို့ အစိုးရ တဖွဲ့လုံးရဲ့ သဘောတားပါ။

ကြံ့ဖွတ်စစ်အစိုးရဟာ ရမည်းသင်းက မိုးထိမိုးမိရွှေတွင်းကိစ္စမှာ ဒီလောက်အကြမ်း မကိုင်ဘဲ လက်ပန်းတောင်း ကိစ္စကျမှ အပြတ်ချနေတာဟာ ဘာကြောင့်လဲ။ သေချာတာ တခုကတော့ မိုးထိမိုးမိဟာ ခရိုနီတွေရဲ့ လုပ်ငန်းဖြစ်ပြီး လက်ပန်း တောင်းတောင် ကိစ္စကတော့ စစ်တပ်ရဲ့ ဦးပိုင်က လုပ်တဲ့ လုပ်ငန်းဖြစ်နေလို့ပါပဲ။

အခုတော့ လက်ပန်းတောင်က တောသူတောင်သားတွေရဲ့ လုံးဝ အကြမ်း မဖက်တဲ့ သပိတ်ဟာ ဆိုးဝါးလှတဲ့ အကြမ်းဖက် မှုနဲ့ ကြုံလိုက် ရပါပြီ။ ဗမာပြည်မှာ အရင့်အရင် စစ်အစိုးရတွေ လုပ်သလိုပဲ ကြံ့ဖွတ် စစ်အစိုးရက လိုက်လုပ်တဲ့ အတွက် ဆေးရုံတင်ရသူ၊ အဖမ်း ခံရသူ၊ ရှောင်တိမ်းရသူတွေပေါ်လာ ပါပြီ။

ဒီလိုနဲ့ဒီတိုက်ပွဲဟာ ဒိထက်ကြီးမားကျယ်ပြန့်လာရင် ဘာလုပ်ကြမလဲ။ လက်ပိုက်ကြည့်နေကြမလား၊ ‘ချွေးသိပ်စကား တွေနဲ့” ဦးပိုင် အတွက် လျှောက်လဲကြမှာလား။ ဗမာပြည်သားတွေ၊ အထူးသဖြင့် နိုင်ငံရေးလောက က လူတွေ အနေနဲ့ ဒီလက်ပန်းတောင်းတောင် အရေးအခင်း အပေါ် ဘယ်လို သဘောထားတယ် ဆိုတာဟာ ဒီနိုင်ငံရေး အကွေ့ရဲ့ စမ်းသပ် ချက်တခု ဖြစ်လာနေပါပြီ။

သက်လုံကောင်းနိုင်ကြပါ့မလား။

Ref: နေ့သစ်

0 comments:

အပေါ်သို့