..............................

Monday, November 26, 2012

ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဆို


2012-11-25

မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော်စစ်စစ် ဖြစ်ဖို့ ရိုးရိုးသားသား ဆောင်ရွက်နေသလားဆိုတာ အခြေခံဥပဒေ ကို ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲနေသလား ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆို ခဲ့ပါတယ်။

ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာ ရဲ့ တွေ့ဆုံမေးမြန်းမှု တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ဖြေကြား ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ ရိုးသားမှုရှိတယ်လို့ ယုံကြည် ကြောင်း ပြောဆို ခဲ့ တာနဲ့ ပတ်သက်ပြီး Mainichi သတင်းစာ ကမေးမြန်းရာမှာ - ဒီမိုကရေစီနည်းကျ ဖြစ်တယ်လို့ မပြောနိုင်သေးတဲ့ လက်ရှိ အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ သမ္မတ ဦးသိန်းစိန် ဘယ်လို ဆောင်ရွက်တယ်ဆိုတာ အသေအချာစောင့်ကြည့်ပြီး၊ သူရဲ့ရိုးသားမှု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပေါ်မှာ အမှန်တကယ် အလေးအနက် ရှိတယ် ဆိုရင်၊ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး အတွက် အစီအစဉ်တွေနဲ့တကွ ရှေ့ကိုတက်လှမ်းဖို့ အလေးအနက် အားထုတ် ရလိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပါတယ်။

ဒီမိုကရေစီ အစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းမဖက်ရေး မူဝါဒနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေး ယူမှုတွေ အပြင် တခြား ထိရောက်တဲ့ မဟာဗျူဟာတွေ ရှိပါသလားဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ ကျမတို့ဟာ အကြမ်းမဖက်တဲ့ နည်းကိုပဲ အမြဲ ကျင့်သုံးသွားမှာပါ၊ ဒီမိုကရေစီနိုင်ငံ အတော် များများ ရဲ့ထောက်ခံအားပေးမှု ကို ကျမတို့ရရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် ဘာလိုအပ်သလဲ ဆိုတဲ့ မေးခွန်း နဲ့ ရင်ဆိုင်နေရတာက ကျမတို့ မြန်မာလူထု အတွက် ပြဿနာ တစ်ရပ်ဖြစ်နေပါတယ်၊ ကျမတို့ဟာ ပြင်ပ ကမ္ဘာကိုပဲ မှီခိုနေလို့ မဖြစ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

နိုင်ငံရေးမှာ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်း တဲ့အခါ အဆို တစ်ရပ်ကို ဘယ်သူက တင်သွင်းသည်ဖြစ်စေ၊ တိုင်းပြည်အတွက် ကောင်းကျိုးရှိမယ်လို့ ယုံကြည်တဲ့ အဆိုပြုချက်ဆိုရင် လက်ခံမယ် ဆိုတဲ့ စိတ်အခံနဲ့ ကျမတို့ လွှတ်တော်ထဲမှာ အားလုံးစုပေါင်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်၊ အရာအားလုံးဟာ ကျမတို့ ပါတီ ရဲ့ မူဝါဒတွေနဲ့ အပြည့်အ၀ ကိုက်ညီချင်မှ ကိုက်ညီ ပါလိမ့်မယ်၊ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ကို ကျမတို့ မြှင့်တင်ကြရမှာပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့