..............................

Friday, November 30, 2012

လက်ပန်းတောင်းတောင် အရေး အစိုးရထုတ်ပြန်ချက် နာရီပိုင်း အတွင်း ပယ်ဖျက်

29.11.2012

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်း အတွင်းမှာဘဲ ပယ်ဖျက် လိုက်ပါတယ်။ မကြာသေးခင်ကဘဲ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ်ဖျက် လိုက်တာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆို လိုက်တာပါ။

အဲဒီကြေညာချက်မှာ အရင်အစိုးရလက်ထက်ကစလို့ စီးပွားရေးတွက်ခြေကိုက်မှုအပါအ၀င် အလုပ်အကိုင်နဲ့ နည်းပညာရမှု၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းမှုတွေကို စနစ်တကျ တွက်ချက် လုပ်ကိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့ပြီး နောက်ဆုံး သတ်မှတ်ချိန်ကျော်သွားတဲ့ အချိန်မှာ လူစုမခွဲခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေးနည်းတွေ အတိုင်း ဆောင်ရွက် ခဲ့တယ်လို့ ကြေညာပါတယ်။

အဓိကရုဏ်း နှိမ်နင်းနည်းတွေအနက် နိုင်ငံတကာသုံး မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးနဲ့ မီးခိုး ဗုံးတွေကို သုံးခဲ့တယ် လို့လဲ သမ္မတရုံး ပြောခွင့် ရသူက VOA ကို အတည်ပြု ပြောဆိုပါတယ်။ ဒီနှိမ်နင်းမှုဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ အကျိုးစီးပွားနဲ့ ပြည်သူ့ အကျိုးစီးပွားတွေကို ဥပဒေနဲ့ အညီ ကာကွယ်ဖို့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ လုပ်တာဖြစ်တယ်လို့လဲ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့