..............................

Tuesday, June 28, 2011

မိုးသည်းထန် မြေပြို၍ မြ၀တီလမ်းပိတ်

Monday, 27 June 2011

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီ - ကော့ကရိတ်သွား ဒေါနတောင်ကျော် ကားလမ်းတွင် မြေပြိုမှုများ ဖြစ်ပြီး လမ်းပိတ်ဆို့နေ၍ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သည်။

ဇွန်လ ၂၄ ရက်နေ့ညကစ၍ ယနေ့အထိ မြ၀တီ-ကော့ကရိတ် လမ်းပေါ်တွင် မြေပြိုပြီး ကားလမ်း ပိတ်သွားသည့်နေရာ အနည်းဆုံး ၁၀ နေရာခန့် ရှိသောကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ လုံးဝ ရပ်ဆိုင်းသွားသည်ဟု လတ်တလော ထို လမ်း၌ အငှား ဆိုင်ကယ် ပြေးဆွဲနေသူ တဦးက ပြောသည်။

၎င်းက“ကားကတော့ လုံးဝ သွားလို့ မရသေးဘူး၊ ၃ ရက်ရှိပြီ၊ မနေ့က လမ်းရှင်းတာ၊ ပြီးခါနီးအချိန်မှာ မိုး အဆက် မပြတ်ထပ် ရွာလို့ အခြား နေရာတွေကပါ မြေတွေ ထပ်ပြိုတာ၊ ဒီနေ့အထိ ကားတွေ သွားလို့ မရသေးဘူး၊ မော်တော်ဆိုင်ကယ် ကတော့ သွားလို့ရတယ်၊ မြ၀တီဘက်မှာ ပိတ်နေတဲ့ ခရီးသည်တွေ အခု ဆိုင်ကယ်နဲ့ပဲ ကော့ကရိတ်ကို ဆင်းနေကြတယ်၊ လူတယောက် ကို ဆိုင်ကယ်ခ ကျပ် ၁၀၀၀၀ ယူတယ်၊ အထုတ်အပိုးပါ ဆိုရင် ၁၅၀၀၀ ယူတယ်”ဟု ပြောပြသည်။

ယမန်နေ့ညနေပိုင်းကစ၍ မြ၀တီဘက်တွင် ပိတ်မိနေသည့် ခရီးသွား ၁၀၀၀ ကျော်မှာ အငှား ဆိုင်ကယ်များဖြင့် ကော့ ကရိတ်မြို့သို့ ဆင်းပြီး လိုရာခရီးကို ဆက်သွား နေကြရသည်ဟုလည်း အငှား ဆိုင်ကယ် ပြေးဆွဲနေသူက ဆိုသည်။

မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက“ဒီလိုမြေပြိုတာကို အမြန်ဆုံး မပြင်နိုင်တာက ခေတ်မီ စက်ယန္တရားတွေ မရှိလို့ပါ၊ မဲဆာက် ဘက်မှာဆိုရင် ဒီလိုမြေပြိုပြီး လမ်းပိတ်တဲ့ ကိစ္စက နာရီပိုင်းလောက်နဲ့ ပြီးတဲ့ ကိစ္စပါ”ဟု ပြောသည်။

၃ ရက်ကြာရှိပြီဖြစ်သည့် ယင်းဒေါနတောင်ကျော်ကားလမ်း ပိတ်ဆို့နေ၍ မြ၀တီမြို့မှတဆင့် ကော့ကရိတ် မြို့သို့ ထွက်ခွာမည့် ခရီးသည်တင် ကားနှင့် ကုန်တင်ကား အစီး ၄၀၀ ခန့်မှာ မြ၀တီမြို့မှ ၁၀ မိုင်ကျော် အကွာအဝေးရှိ သင်္ကန်းညီနောင် တံတားကျိုး စစ်ဆေးရေး ဂိတ်တွင် သောင်တင်နေပြီး ခရီးသွားများ အတွက် ဒေသခံများက ယာယီ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ ဖွင့်လှစ် ရောင်းချလျက် ရှိကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံဘက်မှ ရန်ကုန်နှင့်အခြားမြို့များသို့တင်ပို့မည့် ပန်းသီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ လိမ္မော်သီး အပါအ၀င် သစ်သီးမျိုးစုံ တင်ထားသည့် ကုန်ကားများမှာ ရက်ကြာလာသောကြောင့် ပစ္စည်းများ ပျက်စီးလာ၍ တချို့ကို မြ၀တီသို့ ပြန်သယ် သွားကြရသည်ဟု သစ်သီး ကုန်သည် တဦးက ပြောသည်။

သစ်သီးကုန်သည်က ဆက်လက်၍“နောက် ၃ ရက်နေလို့မှ ကားဆင်းလို့မရရင် ကျပ် သိန်း ၁၀၀ ဖိုးရှိတဲ့ သစ်သီး ၀လံတွေ အကုန်လုံး ပစ်လိုက် ရတော့မယ်၊ ဒီပစ္စည်းတွေက အားလုံး ရှယ်တွေချည်းပဲ၊ ရန်ကုန်က ဈေးကြီးတွေမှာ ရောင်းမယ့်ပစ္စည်း တွေ”ဟုလည်း ဆိုသည်။

ကော့ကရိတ်မြို့မှ ရောက်ရှိလာသော ကဏန်းကုန်သည်တဦးကလည်း ထိုင်းနိုင်ငံသို့ တင်ပို့မည့် ငါး၊ ပုစွန်၊ ကဏန်း စ သည့် မြန်မာ ရေထွက် ကုန်ပစ္စည်းများ ကော့ကရိတ်မြို့တွင် ပိတ်မိ နေသောကြောင့် ကုန်သည်များမှာ ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့ နေရသည်ဟု ပြောပြသည်။

ယမန်နှစ် ဇူလိုင်လမှ စတင်ကာ မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို ပိတ်လိုက်ရာမှ စ၍ နယ်စပ် ကုန်သွယ်ရေး ရပ်တံ့ သွားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးရပ်တံ့မှုကြောင့် နှစ်ဘက်ကုန်သည်များက တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုကြရာ လစဉ် ထိုင်း ဘက်မှ ထိုင်းကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာ ဘက်မှလည်း မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ခန့် ကို မဲဆာက်ဘက် တင်သွင်းကြသည်ဟု နှစ်ဘက် ကုန်သည်ကြီးများက ခန့်မှန်း ပြောဆိုကြသည်။

လက်ရှိ မြ၀တီမဲ-ဆောက် နယ်စပ်ကုန်သွယ်ရေး ရပ်နားသွားသော်လည်း နေ့စဉ်မြန်မာနိုင်ငံသား ၇၀၀ ခန့် လှေများဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၀င်ရောက်မှုမှာ လုံးဝ ကျဆင်းသွားခြင်း မရှိဟု နယ်စပ် သောင်ရင်းမြစ် အတွင်း စက်လှေ မောင်းနေသူများက ပြောသည်။

ယခုလ ၁၁ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်ရှိ ချောက်ကမ်းပါးအလွန် နှစ်ထပ်ကွေ့တွင် ရှိသည့် မိုင်တိုင် အမှတ် ၇၂ / ၁ /၂ တွင် တောင်ပြို လမ်းပိတ်မှု တနေရာ ဖြစ်ပွားခဲ့သောကြောင့် နယ်စပ် ကုန်သွယ်ရေး၂ ရက်ကြာ ရပ်နား ခဲ့ရသေးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့