..............................

Wednesday, June 29, 2011

လိုင်ဇာကိုတိုက်ဖို့ အစီအစဉ် မရှိဟု ဦးမထုနော်အဖွဲ့ ပြောပြီ

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို တိုက်ခိုက် သိမ်းပိုက်ရန် အစီအစဉ် မရှိကြောင်း အစိုးရ လိုလားသော ပြည်သူ့စစ် တပ်ဖွဲ့တခု ဖြစ်သည့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ကိုဒေါင်လွမ်းက ယတိပြတ် ငြင်းဆိုလိုက်သည်။

“အစိုးရဘက်က ဘာတွေ လုပ်နေလဲတော့ မသိဘူး။ ကျနော်တို့ KDA ပြည်သူ့စစ် အနေနဲ့ ဒီစစ်ပွဲနဲ့ ပတ်သက်လို့ ပစ်တာတွေ နည်းနည်းမှ မလုပ်ဘူး၊ ဘာမှ မပတ်သက်ဘူး၊ စစ်ရေး ပြင်ဆင်တာတွေလည်း မရှိဘူး။ ကျနော်တို့က ကောင်းခါးဒေသ ကာကွယ်ဖို့ပဲ။ တခြား အဖွဲ့တွေနဲ့ တွေ့တာလည်း မရှိဘူး” ဟု အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းက မဇ္ဈိမကို ပြောသည်။

KIO အခိုင်အမာ တပ်စွဲထားသော တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် လိုင်ဇာကို တိုက်ခိုက်ရန် ပြင်ဆင်မှုတွင် KDA ဟု လူသိများသော ကောင်းခါး ပြည်သူ့စစ်များ ပါဝင်သည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းအပေါ် ပြန်လည် တုံ့ပြန်ခြင်းလည်း ဖြစ်သည်။

“ကျနော်တို့ဘက်က ပါဝင်တာတွေ မရှိဘူး။ အစိုးရဘက်က လုပ်နေသလား ဆိုတာတော့ မသိနိုင်ဘူး။ ကျနော်တို့ ကချင် အချင်းချင်း သွေးခွဲသလိုမျိုး ဖြစ်လာတော့ စိတ်မကောင်း ဖြစ်နေတယ်။ နဂို ကတည်းကနေတောင် ကွဲနေမှ အခုလို ဖြစ်တော့ ပိုပြီး သွေးခွဲသလို ဖြစ်လာတယ်” ဟု ကိုဒေါင်လွမ်းက ဆိုသည်။

အင်အား ၁ဝဝဝ နီးပါးရှိ ကောင်းခါးပြည်သူ့စစ်ဟု အမည်ပေးထားသော ဦးမထုနော် ဦးဆောင်သည့် ယခင် ကချင် ကာကွယ်ရေးတပ် KDA အဖွဲ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း အခြေစိုက်သည်။ ယမန်နှစ်က ပြည်သူ့စစ် အသွင် ပြောင်းလဲခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူက တိုက်ရိုက် ကွပ်ကဲထားသည်။

ဦးမထုနော်နှင့် အဖွဲ့သည် ၁၉၉ဝ ပြည့်နှစ်တွင်း KIO မှ ခွဲထွက်သွားပြီး ၁၉၉၁ နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO ကို တိုက်နိုင်ရေးအတွက် တရုတ်နယ်ကို ဖြတ်သန်းခွင့်အတွက် တရုတ်အစိုးရက ခွင့်ပြုပြီး ဖြစ်သည် ဆိုသော သတင်းများနှင့် ပတ်သက်၍ “ဒီလို အင်အားကြီး တရုတ်နိုင်ငံက ဒီလို လက်နက်ကိုင်တပ်ဖွဲ့ သေးသေးလေးကို တိုက်ခိုက် သိမ်းပိုက်ဖို့ ခွင့်ပြု လိုက်တယ် ဆိုရင်တော့ သူတို့နိုင်ငံလည်း သိက္ခာရှိမှာ မဟုတ်ဘူး။ ခွင့်ပြုမယ်လို့ မထင်ဘူး” ဟု KIO ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးလနန်က မဇ္စျိမကို ပြောသည်။

ယူနန်ပြည်နယ် ရင်ချန်း၊ ရွှေလီ၊ မန်ရှီ စသည့် ဒေသများတွင် အဓိက တရုတ်ပြည်မှ ကချင်လူမျိုးများသာ အများအားဖြင့် နေထိုင် နေသည် ဆိုသည့် အချက်ကိုလည်း စဉ်းစားသင့်သည်ဟု သူက ဆိုသည်။

သို့သော်လည်း KIO အနေဖြင့် စစ်ရေးပြင်ဆင်မှုများ အမြဲအသင့်ရှိနေပြီး၊ ဇွန်လ ၉ ရက်နေ့မှ ယနေ့ထိ ၃ ပတ်ကျော်ကြာ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်။

တနင်္လာနေ့ ညနေတွင်လည်း ကားမိုင်းမြို့နယ် လွယ်ဆိုင်းကျေးရွာနှင့် မအူပင်ကြားမှ ဂျန်မိုင်တောင်ကုန်း ပေါ်၌ အစိုးရ တပ်ရင်း ၂၉၇ နှင့် KIO တပ်ရင်း ၆ တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက် ရှိနေသေးသည်ဟု ဆိုသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့