..............................

Tuesday, June 28, 2011

ဦးရွှေမန်း မိန့်ခွန်းကို ပြန်ကြားရေးက ဆင်ဆာဖြတ်

Monday, 27 June 2011

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန်ပြည်သူ့ လွှတ်တော် အဆောက်အအုံ၌ ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာ အားလုံးက ဆင်ဆာ ဖြတ်တောက် ထားကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံးတွင် ကျင်းပသော အစည်းအဝေး၌ သူရ ဦးရွှေမန်းက မိန့်ခွန်း ပြောကြားပြီး ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်း မီဒီယာများ တက်ရောက်ခွင့် ရခဲ့သည်။

သူရ ဦးရွှေမန်းက မြန်မာနိုင်ငံသည် အလွန် နိမ့်ကျလျက်ရှိပြီး အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်သော ဆူပူ အုံကြွမှုမျိုး မဖြစ်ပေါ်စေရန် နှင့် ဆူပူ အုံကြွမှု ဖြစ်ပေါ်လျှင် ပြည်သူများပင် နစ်နာမည် ဖြစ်ကြောင်း ပြောဆို ခဲ့သော်လည်း အဆိုပါ ပြောဆိုချက် များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်း မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တဦးက “ဦးရွှေမန်းက တိုင်းပြည် အင်မတန် နိမ့်ကျနေတယ် ဆိုပြီးတော့ ၀န်ခံတယ်။ သူပြောသွားတဲ့အ ထဲမှာ ဆူပူ အုံကြွမှုဖြစ်ရင် ပြည်သူတွေပဲ နစ်နာမယ်လို့လည်း ပြောတယ်။ သူဆိုလိုတာက တိုင်းပြည် ဆူပူရင် တပ်က အာဏာ ပြန်သိမ်းမယ်။ အဲလိုဆိုရင် ပြည်သူပဲ နစ်နာမယ်ပေါ့။ ဒါပေမယ့် အဲဒါတွေက အစိုးရ ရုပ်မြင်သံကြား သတင်းစာထဲမှာ မထည့်တာက အတော်ထူးခြားတယ်” ဟု ပြောသည်။

“အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့ အလယ်ပိုင်း ဒေသတွေ မှာလို လူထု အုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်း ကြိုးပန်းရမယ်” ဟု သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာ ဖြတ်တောက်ခံရသည်။

သူရ ဦးရွှေမန်း၏ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ ရေဒီယိုများ အားလုံးတွင် သတင်းအဖြစ် ဖော်ပြ ကြသော်လည်း မိန့်ခွန်းကိုမှု အပြည့်အစုံ ဖော်ပြခြင်း မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့သည်မှာ ထူးခြားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ လွှတ်တော် ကိုယ်စားလှယ်များနှင့် သတင်းစာ ဆရာများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့ အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည် ဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။

ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ပုဂ္ဂလိက သတင်းမီဒီ ယာတွေတင် မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း ပြောချင်ရာပြောလို့ မရဘူး၊ စိစစ်ရေးရဲ့ ဆင်ဆာ ဖြတ်တောက်မှု ခံနေရတယ် ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။

သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး အထိ တာဝန်ယူခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် သူရ ဦးရွှေမန်းသည် ရုရှနိုင်ငံသို့ အလည်အပတ် ထွက်ခွာသွားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့