..............................

Tuesday, June 28, 2011

ရယ်စရာ နောက်ကွယ်မှာ မျက်ရည်တွေ ရှိတယ်ဆိုတဲ့ ဆရာချစ်ဦးညို

မျိုးသန့်
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

ပြည်တွင်း၊ ပြည်ပတွင် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောနေသည့် စာရေးဆရာနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုသည် စာပေ ဟောပြောပွဲများ လိုက်လံ ဟောပြောရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များတွင်း ချွတ်ချော် မှားယွင်းမှုများကို ဟာသ အဖြစ် ပြောင်းလဲ ပြောဆို တတ်ပြီး ထိုဟာသများ၏ နောက်ကွယ်တွင် မျက်ရည်တွေ ရှိသည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပ စာပေဟောပြောပွဲအတွေ့အကြုံများ၊ စာပေဟောပြောပွဲ၏ အကျိုး သက်ရောက်မှု၊ မြန်မာ့ ရုပ်ရှင်နှင့် ဗွီဒီယိုကားများ အပေါ် ဆရာသဘောထား၊ စာပေ စိစစ်ရေးအပေါ် အမြင် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်း ထားပါသည်။

ပထမဆုံးမေးချင်တာက ပြည်တွင်းက စာပေဟောပြောပွဲတွေမှာ ပြည်တွင်းနဲ့ ပြည်ပ ဘယ်ပရိတ်သတ်က ပိုပြီးတော့ စိတ်ဝင်စားမှု ရှိပါသလဲ။

“စာပေဟောပြောပွဲတွေကို စိတ်ဝင်စားမှုကတော့ အတူတူလောက်ပဲ ရှိတယ်ဗျ။ ဟိုးဝေးလံ ခေါင်ဖျား ဘုန်းကြီးတွေ နေတဲ့ စာကြည့်တိုက် နှစ်လည်၊ ပညာဒါန နှစ်လည်၊ အဲဒါတွေကို ကျနော်တို့ ချောင်ချို ချောင်ကြားတွေ ကျနော်တို့ သွားရပါတယ်။ အတော် ခက်ခက်ခဲခဲ စီစဉ်ရပါတယ် ။ ပြည်ပ ဆိုရင်လည်း လေယာဉ် စရိတ်တွေ၊ တည်းခို စရိတ်တွေ မနည်းပါဘူး။ အဲဒီတော့ စိတ်ပါ ဝင်စားမှုကတော့ အတူတူလို့ ကျနော် ထင်ပါတယ် ။ ပြန်လည် တုန့်ပြန်မှုကျတော့ နေရာဒေသ အလိုက် ကွဲတာပေါ့ဗျာ၊ တခါတလေ ပြည်တွင်းမှာလည်း တနေရာနဲ့ တနေရာ မတူဘူးပေါ့ဗျာ”

စာပေဟောပြောပွဲတွေမှာ ဘယ်လို စိတ်ခံစားမှုမျိုးနဲ့ ဟောပြောပါသလဲ။

“ဒီလိုဗျ ကျနော်တို့က NLD ပါတီဝင် မဟုတ်ဘူး။ ကျနော် ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး ။ ကျနော်မှာ ပါတီစွဲ ဂိုဏ်းဂဃ စွဲတွေကနေ ကင်းတယ်ဗျ၊ ဒါပေမယ် ကျနော် တိုင်းပြည်ကို ကျနော် တကယ် တိုးတက် စေချင်တယ်၊ တိုင်းပြည် တကယ် နောက်ကျ နေတယ်ဆိုတာ ကျနော် တကယ် ခံစားရတယ်။ အဲဒီ ခံစားချက်နဲ့ ပြောပါတယ်၊ ကျနော်တို့ ပြောတာ ဆိုတာတွေလည်း နိုင်ငံတော် အစိုးရပိုင်း လူကြီးပိုင်း တွေဆီ ရောက်ပါတယ်။ ကျနော် နေပြည်တော်မှာလည်း ဟောဖူးပါတယ်။ အဲဒီမှာလည်း ကျနော် စေတနာ ကောင်းနဲ့ ခံစားချက်နဲ့ တကယ့်ကို ချစ်တဲ့စိတ်နဲ့ ဂရုဏာစိတ်နဲ့ အားမလို အားမရ စိတ်နဲ့ ပြောတယ် ဆိုတာ သူတို့တွေ နားလည်ပါတယ်”

ဆရာတို့ ဟောပြောချက်တွေက အဖြစ်မှန်တွေ များပါတယ် ဒီလိုအဖြစ်မှန်တွေဟာ ဘာ့ကြောင့် ရယ်စရာ ဖြစ်ရတာလဲ။
“ကျနော် ဒူဘိုင်းမှာလည်း ပြောဖူးပါတယ်။ အော်ပီကျယ် ကာတွန်း ဆွဲတာက တခါတလေမှာ ငိုလို့ မရတာတွေကို ရယ်ပစ်လိုက်တဲ့ သဘောပါ အော်ပီကျယ်ရဲ့ ကာတွန်းတွေဟာ ရယ်စရာ ဖြစ်နေပေမယ့် အဲဒီနောက်ကွယ်မှာ မျက်ရည်တွေ ရှိနေပါတယ် အဲဒါကို ရယ်ခြင်းနဲ့ ဖေါက်ခွဲ လိုက်တယ် ကျနော် အဲဒီလို ပြောလေ့ ရှိပါတယ်”

စာပေဟောပြောပွဲတွေမှာ ပရိသတ်က အရမ်းကို သဘောကျတာ တွေ့ရပါတယ်။

“ဒါလေးကတော့ရှင်းပါတယ် ခံစားချက်ချင်း တူလို့ပါဗျ။ အမှန်တော့ ဟောကြ ပြောကြတဲ့ ကျနော်တို့ဟာ စာရေးဆရာ အဖြစ် စင်ပေါ် တက်လို့ ရသူတွေပါ။ အောက်မှာရှိတဲ့ ပရိတ်သတ်ဟာ သူတို့ ဟောပြောခွင့် မရလို့သာ သူတို့ ဘာတွေးတယ်။ ဘာကြံတယ် ဆိုတာ သူတို့ ဘာပြောချင်တယ် ဆိုတာ ကျနော်တို့က ကိုယ်စားပြုတဲ့ သဘောရှိပါတယ်။ ကျနော်လည်း ပြောပါတယ်၊ ကျနော်တို့ဟာ ခင်ဗျားတို့ အသံကို ကိုယ်စားပြုပြီး ပါးစပ် လှုပ်တဲ့လူတွေပါလို့ ကျနော် ပြောပါတယ်၊ သူတို့ရဲ့ ထွက်ပေါက် တခုပေါ့”

သာမန်လူယောက်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖြစ်အပျက် တွေပေါ့လေ၊ ရယ်စရာလေးတွေပဲ ဖြစ်ဖြစ်ပေါ့ အဲဒါမျိုး တွေကို ဆရာတို့ စာပေ ဟောပြောပွဲတွေမှာ ပြောသလိုမျိုး ပြောရဲတဲ့ သတ္တိ ဒါမှမဟုတ် ပြောရဲတဲ့ အခြေအနေ ရှိမလား။

“ I don’t think so ကျနော်တို့ စာရေးဆရာတွေ ထဲမှာတောင်မှ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လူမှု အသိုင်းအဝိုင်းနဲ့ ပတ်သက် ပြီးတော့ ပြောတာဆိုတာ လေးငါးယောက်လောက်ပဲ ရှိမယ်လို့ ကျနော်ထင်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ စာပေ ကိစ္စကိုပဲ လွတ်လွတ် ကင်းကင်းလေး ပြောကြတယ်”

ဘာ့ကြောင့်ပါလဲ။
“ကြောက်လို့ပေါ့ဗျာ။ ကျနော်တို့ အထဲမှာတောင်မှ ဥပမာ ကျနော်ဆိုရင် Freelance writer ဗျ၊ အော်ပီကျယ်တို့ ဆိုရင် Freelance cartoonist ကျနော်တို့က အစိုးရဝန်ထမ်း မဟုတ်ကြဘူးလေ အဲဒါ တချက်လည်း တချက်ပေါ့ ကျနော်ကလည်း Freelance writer လို့ပဲ ခံယူထားပါတယ် အဲဒါကြောင့် ကျနော် စာရေးဆရာ စိတ်နဲ့ပဲ ပြောပါတယ်”

စာပေဟောပြောပွဲအပိတ်ခံရတာမျိုး၊ ဖျက်သိမ်းခံရတာမျိုး ကြုံဖူးလား။

“အဲဒါကတော့ ကျနော်တို့ နေရာဒေပေါ်မှာ မူတည်ပါတယ်/ နေရာဒေသတခုမှာ အကြီးဆုံး အာဏာပိုင် အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တဦးတယောက် ပေါ့လေ သူက တစုံတခု စိတ်အနှောက်အယှက် မဖြစ်ချင်လို့ ပွဲမိန့်မပေးတာတို့ အစီအစဉ်တွေ ပြီးမှ ပွဲမဖြစ်တဲ့ အကြောင်းကို ပြန်ပြီးတော့ အကြောင်းကြား တာတို့ အဲဒါမျိုးတွေ ကြုံရပါတယ် နည်းတော့ နည်းပါတယ်၊ နေဝင်းမြင့်နဲ့ ကျနော်နဲ့ တောင်တွင်းကြီးမှာ ကြုံခဲ့ဖူးပါတယ် ၂ဝဝ၃၊ ၂ဝဝ၄ လောက်တုန်းကပါ၊ ဒီဘက် နှစ်ပိုင်းတွေမှာတော့ ၂ ပွဲလောက် ဖြစ်ခဲ့ ဖူးပါတယ်”

စာပေဟောပြောပွဲတွေရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အထိ ရှိနိုင်မလဲ။


“နားထောင်ကြတဲ့ ပရိတ်သတ်ကတော့ ရာထောင်ပေါ့ဗျာ သဘောကျကြတယ်ပေါ့။ သို့သော် အဲဒီအထဲကမှ စာကို တကယ် ဖတ်ချင်တဲ့ တကယ်ဖတ်မယ့်သူ ပိုပြီးဖတ်မယ့်သူ အဲဒီစာတွေကို ကောင်းကောင်း ဝေဖန်နိုင်မယ့်လူ အတွေးအမြင် ပိုကောင်းလာမယ့် ပရိတ်သတ် ဘယ်နှယောက် ပါမလဲဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး/ ကျနော်တို့ အများကြီး မမျှော်လင့်ပါဘူး။ ဟောပြောပွဲ ဆိုတာတော့ ပရိတ်သတ် အများစုနဲ့ ချီပြီးတော့ ပြောရတာပါ။ လူငယ်လေးတွေတော့ ရကြပါတယ် ဘယ်လောက်အထိ အကျိုးပြုမလဲ ဆိုတော့ ပညာရေး စနစ်လိုပါပဲ သူကတော့ ရေရှည်ပေါ့၊ ကျနော်တို့ သစ်ပင် စိုက်သလိုတော့ မဟုတ်ဘူးပေါ့ အဲဒီတော့ ဟောပြောပွဲ ဆိုတာလဲ စာပေ အနုပညာ ကိစ္စနဲ့ ပတ်သက်နေတော့ လူတယောက်ဟာ ဝုန်းဆိုပြီးတော့ ဘဝကြီး ပြောင်းလဲချင်မှ ပြောင်းလဲမယ်ပေါ့ သူ့မှာ အတွေးအခေါ် သစ်တွေ ရသ သစ်တွေ ရသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်”

စာပေဟောပြောပွဲနဲ့ ပုံနှိပ်စာမှာ စာပေဟောပြောပွဲက ပိုပြီးလွတ်လပ်တယ်လို့ ပြောလို့ ရနိုင်မလား။

“အဲဒီလိုပြောလို့ရတယ် ဘာ့ကြောင့်လဲ ဆိုတာတော့ ကျနော်လည်း မပြောတတ် ဘူးဗျ။ ကျနော့် အနေနဲ့ ကတော့ ကျနော့် စာမူတွေက စာပေ စိစစ်ရေးမှာ ဆင်ဆာလုပ်တာ သိပ်မခံရပါဘူး။ ကျနော့် ဟောပြောချက်တွေ ကိုလည်း ဖြန့်ပြီးတော့ တော်တော်များများ ကူးနေ ကြတာပဲ နေရာတော်တော် များများကို ရောက်ပါတယ် တခြား စာရေးဆရာ တွေလဲ အဲဒီ အတိုင်းပါပဲ”

စာရေးဆရာတယောက်လည်းဖြစ်တယ်ဆိုတော့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာလည်း ပြောပြ ပေးပါ။

“စာပေလွတ်လပ်ခွင့်ဆိုတာလဲ ကျနော် ယုံကြည်တာ တမျိုးရှိပါတယ်။ အများ ထင်နေကြတာက စာပေ လွတ်လပ်ခွင့် ဆိုတာက အောင်းထားတဲ့ အပူတွေကို လွတ်လွတ် လပ်လပ်ကြီး ဖေါက်ထုတ် ချပြီးတော့ ပြောထည့် လိုက်တာ ရေးထည့် လိုက်တာလို့ တော်တော် များများက ထင်တယ်ဗျ၊ ကျနော်ကတော့ ဥပမာ ဒုံးပျံ တစင်းဟာ ဂြိုဟ်တုကို သူ့ထိပ်မှာ တပ်ထားတယ်။ အဲဒီ ဂြိဟ်တုဟာ ကမ္ဘာပတ် လမ်းထဲကို ရောက်ဖို့အတွက် ဒုံးပျံဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီးတော့ တက်ရပါတယ်။ အဲဒီလို တက်ရင်း တက်ရင်းနဲ့ သက်ဆိုင်ရာ မိုင်တွေ ရောက်တဲ့အခါမှာ တဆင့်ပြီးတဆင့် ဖြုတ်ချပါတယ် ဖြုတ်ချရင်းနဲ့ ဂြိုဟ်တုကို ကမ္ဘာပတ် လမ်းကြောင်းထဲကို ထည့်ပေး လိုက်ပါတယ်။ အဲဒါ ဒုံးပျံအလုပ် ပြီးသွားပါပြီ အဲဒီတော့ စာရေးဆရာ တယောက်ရဲ့ စာပေ လွတ်လပ်ခွင့်ကိုလည်း ကျနော် အဲဒီလိုပဲ နားလည်ပါတယ်”

စာပေဟောပြောပွဲတွေနဲ့ ပတ်သက်ပြီး ဆရာယူဆချက်လေး ပြောပြပေးပါဦး။

“ဟောပြောပွဲဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ ကျနော်တို့ ၁၉၄၄ အဲဒီလောက်တည်းက စပြီးတော့ တောက်လျောက် လုပ်လာတဲ့ စာပေ ဟောပြောပွဲ ဖြစ်ပါတယ် ဒီအစဉ် အလာဟာ မြန်မာပြည်မှာပဲ ရှိပါတယ်။ အင်မတန် ကောင်းတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ် အဲဒါကို ပြောချင်ပါတယ်”

ဆရာက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌဆိုတော့ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ပြီး နည်းနည်း ပြောပါ။

“မြန်မာ့ရုပ်ရှင် ဗွီဒီယိုတွေရဲ့ အသုံးမကျပုံကို အမြဲတမ်းကျနော် တစ်တစ်ခွခွ ပြောပါတယ်။ ဥပမာဆိုရင် ကျနော် မင်းသုဝဏ်ရဲ့ သူ့မှာတမ်း အဲဒါကို ကျနော် အဓိပ္ပါယ်လည်း ကျနော် ဖေါ်ပေးတယ် ။ အဲဒီမှာ ဂျပန် တော်လှန်းရေး တုန်းက ဗုံးဆံ ထိပြီးတော့ သေခါနီး ဆဲဆဲ ပျောက်ကျား ရဲဘော်လေးပေါ့ သူ့ချစ်သူကိုမှာတယ် မိဘကိုမှာတယ်၊ တိုင်းပြည် အတွက်ကို မှာတယ် ကလေးက ဘာမှ ရှည်ရှည်ဝေးဝေး မပြောနိုင်တော့ဘူး ဒါပေမယ့် မြန်မာ ရုပ်ရှင်တွေကတော့ သေခါနီးမှာ အရှည်ကြီး ပြောနေပါတယ် အဲဒါမျိုးတွေ ကျနော် ပြောပါတယ် နောက် သေခါနီးမှာ ခြေသည်း လက်သည်းနီတွေ မိတ်ကပ်တွေနဲ့ ဘေးကလည်း အလှ မပျက်အောင် ငိုကြတယ် အဲဒီလို အသုံးမကျတာတွေ ပေရှည် တာတွေရှိပါတယ် အဲဒါမျိုးတွေ ကျနော် ပြောပါတယ်”

အခုလိုဆရာ့ကို မေးမြန်းဖို့ ဖုန်းခေါ်ရာမှာ ဖုန်းလိုင်း မကြည်တာ၊ ဖုန်းခဏခဏ ကျတာ ဖြစ်ပါတယ်၊ အဲဒီ အခြေအနေကို စာပေ ဟောပြောပွဲတွေမှာ ပြောသလိုမျိုး ရယ်စရာအဖြစ် ဘယ်လို ပြောလို့ ရနိုင်မလဲ။

“အဲဒါတော့ ကျနော် မပြောဘူးသေးဘူးဗျ ဒါပေမယ့် ကျနော်တခါတော့ ပြောဖူးတယ် ဒူဘိုင်းမှာလား စင်္ကာပူမှာလား တခါတော့ ပြောဖူးတယ်၊ ကျနော်တို့ ဒူဘိုင်း ရောက်တော့ အပြင်ထွက်ပြီး အော်အော်ပြောတယ်။ အဲဒီကလူတွေက ကျနော်တို့ကို ပြုံးစိပြုံးစိနဲ့ ကြည့်ကြတယ်ဗျ၊ ကျနော်တို့က ဖုန်းပြောတဲ့အခါမှာ မြန်မာပြည်က အကျင့်ပါနေတာ ဖယောင်းတိုင် ဆောင်တဲ့ သဘောပေါ့ဗျာ”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့