..............................

Wednesday, June 29, 2011

ဆန်အရေး ကုလနှင့် မြန်မာ ဆွေးနွေး

သဲသဲ
အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာလယ်သမားများဘဝ မြှင့်တင်ရာ၌ အဓိကကျသည့် ဆန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး အတွက် ကုလကော်မရှင် ESCAP နှင့် မြန်မာ အစိုးရတို့ နေပြည်တော်၌ ကျင်းပသည့် အင်္ဂါနေ့ ဖွံ့ဖြိုးမှုဆိုင်ရာ အစည်းအဝေး၌ ပြည်တွင်းပြည်ပ ပညာရှင်များ ဆွေးနွေးခဲ့ကြသည်။

“အရေးကြီးတာ စိုက်ပျိုးရေးထဲမှာ အဓိက ဆန်ပေါ့။ ဆန်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ဘယ်လိုချမှတ်ကြလဲ၊ ဟိုတုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာတွေ ပြန်သုံးသပ် ဆွေးနွေးတာပေါ့။ မနေ့က စာတမ်းဖတ်တယ်၊ ဒီနေ့က ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်း အစီအစဉ်ဆွဲမယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

လယ်သမားများနှင့် ဆင်းရဲနွမ်းပါးသူများ၏ လူမှုဘဝဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတကာ ပညာရှင်များ၏ အတွေ့ အကြုံ၊ အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်ရန် ရည်ရွယ် ကျင်းပကြောင်းနှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဆွေးနွေးပွဲ ဖွင့်ပွဲ အမှာစကား ပြောကြားချက်ကို အင်္ဂါနေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

ဒုသမ္မတက “ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မိမိတို့လုပ်သင့်၊ လုပ်နိုင်သော လုပ်ငန်းများကို Action Plan ရေးဆွဲပြီး ပြည်ထောင်စု အဆင့် ဗဟို လုပ်ငန်းကော်မတီမှ တိုင်းဒေသနှင့် ပြည်နယ်အထိ လုပ်ငန်းကော်မတီ အဆင့်ဆင့်ဖြင့် ဆောင်ရွက်မည်” ဟု အမှာစကား ပြောခဲ့သည်ဟု ပါရှိသည်။

ဆွေးနွေးပွဲကို “အမျိုးသား ဆန်စပါးမူဝါဒများ တိုးတက်ကောင်းမွန်ပြီး ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံ စိတ်ချရေး အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ဟူ၍ ခေါင်းစဉ် ပေးထားကာ ဇွန်လ ၂၇ ရက်မှစ၍ ပြည်တွင်းပြည်ပ စီးပွားရေး ပညာရှင်များက စာတမ်းများ တင်သွင်း ဖတ်ကြားခဲ့သည်။

ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ESCAP မှ အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုလင်းဟေဇာ Noeleen Heyzer တက်ရောက်ကာ မြန်မာ အစိုးရဘက်က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင် တက်ရောက်ခြင်း ဖြစ်သည်။

ဆန်တောင်သူများ စီးပွားရေး အထိုက်အလျောက် ကောင်းမွန်လာရေးနှင့် ဆင်းရဲမှု လျှော့ချရန်၊ ချေးငွေရရှိရေး၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရရေးနှင့် ဆန်းတန်ဖိုး မူဝါဒများ ချမှတ်ရေး စသည့်တို့ ပါဝင်သည့် အချက် ၇ ချက်ကို တင်ပြ ဆွေးနွေး သွားမည်ဟု ဒေါက်တာ နိုလင်းဟေဇာ၏ အမှာစကားတွင်လည်း ပါရှိသည်။

ဆွေးနွေးပွဲသို့ စီမံ/စီးပွားရေး ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ အကြီးအကဲများ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်း UMFCCI တာဝန်ရှိသူများ၊ သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦး၊ ဒေါက်တာ တင်မောင်မောင်သန်း၊ စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာမြင့်တို့ပါ တက်ရောက်သည်။

လူမှုရေးနှင့် စီးပွားရေးတွင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သည့် ESCAP က မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု ဆိုင်ရာ ဆွေးနွေးပွဲများကို ကမကထပြု ကျင်းပလာခဲ့ရာ ယခုအကြိမ်မှာ တတိယမြောက် ဖြစ်သည်။ ၂ဝဝ၉ ဇူလိုင်နှင့် ဒီဇင်ဘာလတွင် ၂ ကြိမ် ကျင်းပခဲ့ရာ ဒုတိယ အခေါက်တွင် စီးပွားရေး နိုဘယ်လ်ဆုရှင်ဖြစ်သူ ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ ဂျိုးဇက်စတစ်လဇ်လည်း ပါဝင်ခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့