..............................

Thursday, January 27, 2011

အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးသစ်အတွက် စိုက်ပျိုးမြေ ဧကများစွာသိမ်းဆည်း

Wednesday, 26 January 2011

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အသစ်တိုးချဲ့မည့် အရှေ့ အလယ်ပိုင်း စစ်တိုင်း ဌာနချုပ်ရုံး တည်ဆောက်ရေး အတွက် ကျေးလက်မြေယာ ဧကရာချီ ဈေးနှိမ်သိမ်းဆည်း နေကြောင်း ဒေသခံများပြောပြချက် အရ သိရပါသည်။

တပ်မဟာ ၇ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ပိုင်းနှင့် ဝင်ဆန့်သူ တဦးက - “အရှေ့အလယ်ပိုင်း စစ်တိုင်းသစ်က ခိုလမ်မှာ မဟုတ်ဘူး။ ကွန်ဟိန်းမြို့နဲ့ နမ့်ပန်ချောင်း အရှေ့ဘက် ကာလိမှာဘဲ သတ်မှတ်လိုက်ပြီတဲ့။ အခု ဇောက်ချ တည်ဆောက်နေပြီ၊ တောင်သူ ၄ဝ ဦး လောက် ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ ဧက ၃ဝဝ နီးပါးဈေးနှိမ်/လျော်ကြေးပေးပြီး သိမ်းယူတယ်။ သီးနှံ စိုက်နေရင် တဧက ကျပ် ၂ သိန်း၊ သီးနှံ စိုက်မထားရင်တော့ ၁ သိန်း ပေးတယ်၊ ပိုက်ဆံ မယူလဲ အလကား သိမ်းမှာဘဲ” - ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့ တည်ဆောက်ရန် ဗိုလ်မှူးချုပ် မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁ အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ၁ဝ ရက်မှစ၍ တည်ဆောက်ရေး စတင် လာခဲ့ကြောင်း၊ ဝမ်းရေး အတွက် စိုက်ပျိုးမြေ မရှိတော့သည့် ဒေသခံ ကျေးလက် တောင်သူ အများအပြား ထိုင်းနိုင်ငံသို့ အလုပ်ရှာ ထွက်သွားကြသဖြင့် မြို့တခုလုံး ဆိတ်ငြိမ်နေကြောင်း၊ အရောင်း အဝယ်လည်း မဖြစ်တော့ကြောင်း - ဒေသခံ တဦးက ပြောပြပါသည်။

“တပ်တည်ဆောက်ဖို့ လုပ်အား အဓမ္မ စေခိုင်းတာတော့ မရှိသေးဘူး၊ ကာလိမြို့တွင်း ပြောတာနော်၊ ကျေးလက်ဘက်တော့ မသိဘူး၊ သူတို့ တည်ဆောက်ရေးမှာ အလုပ်သမား တရာကျော် ငှားထားတယ်။ တနေ့ လုပ်အားခ အမျိုးသမီးဆို ၂၅ဝဝ ကျပ်၊ အမျိုးသားဆို ၃ဝဝဝ ကျပ် ရတယ်။ အရင်တုန်းက အမျိုးသား/သက်ကြီးပိုင်း တွေလဲ နေ့စား အလုပ်သမား အဖြစ် လက်ခံတယ်။ ဒီအပတ်ထဲမှာတော့ အမျိုးသားဆို မယူဘူး။ အသက်အရွယ် ကောင်းတဲ့ အပျို အမျိုးသမီးတွေဘဲ ယူတယ်။ အုပ်၊ သဲ၊ သစ်၊ မြေတူး/သယ်တဲ့ အလုပ်ပေါ့” - ဟု ဒေသခံ နောက်တဦးက ပြောပါသည်။

ကာလိမြို့နယ်ခွဲတွင် တာ့ကော့်သံလွင်တံတား လုံခြုံရေးတပ် ခလရ ၂၉၆ က လုံခြုံရေး ယူပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အပြင်၊ တိုးချဲ့ ခြေလျင် တပ်ရင်းသစ် ခလရ ၁၅၁ အတွက် တပ်စခန်း၊ အထက်တန်းကျောင်း၊ မြို့နယ်ခွဲ အထွေထွေ အုပ်ချုပ် ရေးရုံး၊ ဌာန ဆိုင်ရာရုံးများ အသီးသီးနေ့စဉ် ရက်ဆက် တည်ဆောက်နေကြာင်း ကြားသိရပါသည်။

“မြို့နယ်ခွဲ ဥက္ကဌ က ဦးအေးကိုသက်တဲ့၊ အသက် ၂၈ နှစ်ဘဲ ရှိသေးတယ်၊ ရဲမှူးက နိုင်နိုင်ငြိမ်းတဲ့။ သူတို့ အပါဝင် ဝန်ထမ်းတွေ အားလုံးက နေပြည်တော်ကနေ လာတာချည်းဘဲ” - ဟု လည်း ပြောပြပါသည်။

မြို့နယ်ခွဲသစ်၊ စစ်တိုင်းရုံးသစ် တည်ဆောက်ရေး လုပ်ငန်းအပြင် ကာလိမှ မြောက်ဘက်ရှိ မိုင်းဇန် (မိုင်းရှူးမြို့နယ်) မြို့နယ်ခွဲသစ်သို့ (ကာလိ-ဟိုပန်-မိုင်းဇန်) ကားလမ်း လည်းတိုးချဲ့ တည်ဆောက်နေကြောင်း ဒေသခံများက ပြောပါသည်။

(ယခင်သျှမ်းပြည်တပ်မတော် တပ်မဟာ ၇ ) ထိန်းချုပ်စဉ်က ကာလိကျေးရွာအုပ်စုသည် ကုန်သည် ပွဲစားများ ခရီးသွား ဧည့်သည်များဖြင့် မြို့ကဲ့သို့ လူစည်ကား သိုက်မြိုက်ပြီး ကူးသန်း ရောင်းဝယ်ရေး အချက်အခြာ ဖြစ်ခဲ့ကြောင်း၊ ယခု အခါမှာမူ ကျေးလက် ကုန်စိမ်းသည်လောက်နှင့်သာ ခြောက်ကပ် နေတော့ကြောင်း ထိုင်းနယ်စပ်သို့ တိမ်းရှောင် ရောက်ရှိခဲ့သည့် စိုက်ပျိုးမြေ သိမ်းဆည်းခံရသူ ဒေသခံများက ပြောပြပါသည်။

ကာလိမြို့ခွဲနယ် အတွင်း စစ်အင် အားသစ် ရောက်ရှိ ဖြည့်တင်း အခြေချခြင်း မရှိသေးသော်လည်း နအဖ စစ်ယာဉ်တန်း များက ဂျန္နဝါရီ 22/01/2011 တွင် 10 စီး၊ 24/01/2011 တွင် 10 စီးအပြည့် ကလေးစစ်သား/ ရဲဘော်သစ်များ ကာလိကို ဖြတ်သန်း၍ သံလွင် အရှေ့ခြမ်းသို့ ပို့ဆောင်သည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့