..............................

Thursday, January 27, 2011

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

နရီလင်းလက်
Wednesday, 26 January 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရ အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တဦးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက် ဂျာကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုတ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံနှင့် အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပ သွားတဲ့ ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘော ဆောင်ပြီး တုန့်ပြန် သွားသင့်တယ်” ဟု ပြောခဲ့ကြကြောင်း ဂျာကာတာပို့စ် သတင်းစာတွင် ပါရှိသည်။

ဂျာကာတာပို့စ် သတင်းစာအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရန် ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော် ပြောဆို ခဲ့သေးကြောင်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေး နက်နက် သဘောထားပြီး စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ဂျိုးဇက် ဝိုင် ယွန်းက သတင်းစာကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့် တုန့်ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူ ပီ ဂျေ ခရိုးလေးအား သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရုတ်သိမ်းရန် အမေရိကန် အစိုးရ အနေနှင့် အစီအစဉ်ရှိ မရှိ မေးမြန်းရာတွင် ၎င်းက ရုတ်သိမ်းရန် အခြေအနေ မရှိသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

သူက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် ၎င်းတို့၏ အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝဥဿုံတာဝန်ရှိတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာ စစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း သူကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်း သားတွေ လွတ်လာဖို့၊ စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲ တရပ်ကို စပြီး အကောင်အထည် ဖော်ဖို့ပါ။ ဒါတွေအားလုံး အတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ” ဟု ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆို နေသော်လည်း NLD ၏ ရှေ့နေများက ပါတီ ဖျက်သိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ တနင်္လာနေ့က အထူး အယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။ သို့သော် တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။ ။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့