..............................

Thursday, January 27, 2011

စစ်အစိုးရ နောက်ဆုံး လေးလပတ် အစည်းအဝေး ပြီးဆုံး

ရန်ပိုင်
Wednesday, 26 January 2011

စစ်အစိုးရရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နေတဲ့ လေးလပတ် အစည်းအဝေး ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်၊ ဒီလေးလပတ် အစည်းအဝေးဟာ လွှတ်တော် မတိုင်မီ စစ်အစိုးရရဲ့ နောက်ဆုံးလို့ ပြောလို့ရတဲ့ အစည်းအဝေးပါ။

လေးလတကြိမ် ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရ ၀န်ကြီးဌာနတွေရဲ့ အခြေအနေ တွေ ရှေ့လုပ် ငန်းစဉ်တွေ တင်ပြကြတဲ့ အပြင် စစ်တပ် အတွင်းက ရာထူး အတိုးအလျော့ အပြောင်းအလဲ တွေကို ဆုံးဖြတ်ပေးတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

အစည်းအဝေးတက်ခွင့်ကိုတော့ အစိုးရ ၀န်ကြီးဌာနက ၀န်ကြီးတွေ အပြင် စစ်ဖက်ဆိုင်ရာက အရာရှိကြီးတွေ အောက်ဆုံး တပ်မမှူး အဆင့်၊ စကခမှူး အဆင့်ကနေ အမြင့်ဆုံး တိုင်းမှူး ဗိုလ်ချုပ်တွေ၊ ကထစမှူးတွေ အားလုံး တက်ရတဲ့ပွဲပါ။ ဒီပွဲပြီးရင် တပ်က တပ်မမှူးတွေက မိမိတို့ အောက်က တပ်ရင်း အသီးသီးကို ရှင်းလင်းမှု လုပ်ရ ပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ နောက်ဆုံး အစည်းအဝေးမှာတော့ နောင်ဖွဲ့စည်းမယ့် အစိုးရမှာ ဘယ်သူတွေပါ မယ်ဆိုတာကို တပ်မှူးတွေကို အသိပေး ချပြခဲ့တယ်လို့ သိရတယ်၊ ဒါပေမယ့် သမ္မတ ဘယ်သူဖြစ်မယ်ဆိုတာ ကိုတော့ မပြောပြခဲ့ဘူးလို့ သိရပါတယ်။

အရင်ဝန်ကြီးတွေထဲကတော့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်၊ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်တို့ကတော့ အရင်နေရာမှာ ဆက်လက် ကျန်ရှိ နေမယ်လို့လည်း ပြောဆိုနေကြတယ်။

အတွင်းရေးမှူး(၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ဒု သမ္မတလို့ အသံ ထွက်လာသလို သူရ ဦးရွှေမန်း ကတော့ လွှတ်တော် ဥက္ကဋ္ဌပဲ လွှတ်တော် ခေါ်ဖို့အတွက် ဗိုလ်မှူးကြီးတွေကို လွှတ်တော်ရုံး ညွှန်ချုပ်ရာထူး ပေးပြီး ရုံးအဖွဲ့ ဖွဲ့ပြီး လုပ်နေတယ်လို့ ဆိုတယ်။

ဒါပေမယ့် တခုထူးခြားတာကတော့ ပျောက်နေတဲ့ ရာထူး တွေဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး စတဲ့ ဒီ လေးနေရာကိုတော့ တိုင်းမှူးတွေက လုံးဝ ထုတ် မပြောကြဘူး၊ စီးပွားရေး အသိုင်းအ၀န်းက မေးမြန်း တဲ့ သူတွေကို စောင့်ကြည့်ပါလို့ပဲ ပြန်လည် ဖြေကြားပါတယ်။

ဝန်ကြီးတွေက အရွေးချယ်ခံစရာ မလိုဘူး ကြိုက်တဲ့သူကို သမ္မတ က ခန့်ပိုင်ခွင့်ရှိတယ်လို့ အခြေခံ ဥပဒေက ဆိုတယ်၊၊ အလားတူပဲ သမ္မတကိုလည်း လွှတ်တော်အတွင်း ရောက်လာမယ့် ပြည်သူ့ လွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် တဖွဲ့၊ အမျိုးသား လွှတ်တော်က ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် တဖွဲ့၊ အဲဒီလွှတ်တော် နှစ်ရပ်မှာ ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စား လှယ်တဖွဲ့၊ အဖွဲ့သုံးဖွဲ့က ရွေးချယ်ရမှာ ဖြစ်ပါတယ်။

သမ္မတ လောင်း အမည်စာရင်း တင်သွင်းခံရသူဟာ လွှတ်တော်အမတ် ဖြစ်စရာ မလိုဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ထားတယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးဟာ နိုင်ဖဲကိုကိုင်၊ နိုင်မြင်းကို စီးထားတယ်လို့ ဆိုကြပါတယ်။

အားလုံး စိတ်ဝင်စားတာကတော့ ဗိုလ်ချုပ်မှူးကြီး ဘယ်လဲ ဘာလဲ ဆိုတာကိုပဲ၊ တပ်ထဲက တိုင်းမှူးတွေက ဒီလို ထုတ် မပြောရဲကြ တာဟာ နံပါတ် ၀မ်းက နံပါတ်ဝမ်းပါပဲ ဖြစ်နေလို့လား ဆိုတဲ့ သို့လော သို့လော အတွေးတွေ စစ်အစိုးရ အသိုင်းအ၀န်းထဲမှာ ဖြစ်ပေါ် နေပါတယ်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့