..............................

Wednesday, January 26, 2011

တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းအတွင်း ခံတပ်ကြီးများ တည်ဆောက် - ဒေသခံလူထု နေရပ်မှ ထွက်ပြေး

Tuesday, 25 January 2011

သျှမ်းပြည်အလယ်ပိုင်းမြို့နယ်ခွဲသစ်များတိုးမြင့်ထား သည့် ဒေသ/ တိုးချဲ့ အရှေ့အလယ်ပိုင်း စစ်တိုင်းသစ် ဒေသ အတွင်း နအဖ ခံတပ်ကြီးများ အခိုင်အမာ တည်ဆောက် မှုအတွက် ကျေးလက် လူထုပိုင် လယ်ယာ ခြံမြေများ ဧကရာနှင့် ချီအဓမ္မ အသိမ်း ခံရခြင်း/စစ်ဘေး စစ်ဒဏ်စိုးရိမ် ကြခြင်း တို့ကြောင့် ဒေသခံများ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းရှူးတောင်ဘက် မြို့နဲ့ကပ်ရက် လွယ်ဇင်းတောင်မှာ လုပ်တာလေ။ ဒီဇင်ဘာလလယ် ကတည်းကဘဲ။ ရပခ တိုင်းမှူးနဲ့ ဗိုလ်ချုပ် မောင်အေးတို့ လာကြည့်ပြီး ပြန်သွား ကတည်းက လုပ်နေတာ။ ခံတပ်တွေ ကတုတ်ကျင်းတွေ အခိုင်အမာ ကွန်ကရစ်နဲ့ လုပ်တာလေ။ လက်နက်ကြီး ထားမယ်လို့လဲ သတင်း ထွက်တယ်။ ၃ လ အပြီး လုပ်ရမယ်ဆို တော့ တောင်ကြီးဖက်က ဆောက်လုပ်ရေး အလုပ်သမား အယောက် ၄၀- ၅၀ ထပ်ခေါ်ရတယ်။

အဓမ္မလုပ်အားခိုင်းတာ တွေလဲ ရှိသလိုလို ကြားရတယ်။ အဲဒါကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ကြတာ ဖြစ်ပါတယ်” ဟု အမည် မဖော်လိုသည့် တောင်ကြီး- ကျိုင်းတုံ ကားသမား တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တာချီလိတ်-မယ့်ဆိုင်လမ်းမှ ထိုင်းနိုင်ငံသို့ ခိုးဝင်သူများ ရှိသကဲ့သို့ ဟိုမိန်း-မယ့်ဟောင့်ဆောင် လမ်းမှ ဝင်သူများ လည်းရှိပြီး ယခင်လများထက် ယခုလအ တွင်း ပိုမိုများပြား ကြောင်း တာချီလိတ်မှ ကားသမား တဦးက - “မိမိအဆက် အသွယ်နဲ့ ထိုင်းကို ဝင်နေကြတာ၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ် ကျေးသီးမြို့နယ်က ရွာသားတွေ ခပ်များများ။

တာချီလိတ်-မယ်ဆိုင် လမ်း၊ မိုင်းတုံ - ပုံပါကျင် - နောင်အုပ် - ချင်းဒေါဝ်လမ်း ဘက်လဲ တနေ့ တနေ့ ဆယ်ဂဏန်း ထိုင်းထဲကို ဝင်နေကြတယ်။ လုပ်အားပေး၊ ချောဆွဲ၊ လမ်းပြအဖြစ် ခေါ်တာတွေ၊ သျှမ်းသူပုန်ကို ဆက်သွယ် ကူညီတယ် ဆိုပြီး ဖမ်းဆီး ရိုက်နက်တာတွေလဲ ရှိတော့ ဘဝ လုံခြုံရေး၊ ဝမ်းရေးအတွက် ထွက်ပြေးနေကြတာ” - ဟု ဆို၏။

အဆိုပါ မိုင်းရှူးလွယ်ဇင်းတောင်သည် မဆလခေတ်ဦးက ခလရ ၉၉ တပ်စိုက်ပြီး ဗကပ ခေတ် ၁၉၇၀ ကျော်ခန့်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တပ်မ ၇၇ တပ်မမှူး ဖြစ်စဉ် အခြေချခဲ့ဖူး၏။ ၁၉၇၀ နောက်ပိုင်း မည်သည့် တပ်မျှ မထိုင်တော့ဘဲ ၁၉၉၀ မိုင်းရှူးရတနာ ခေတ်မှသာ ရပခ လက်အောက်ခံ တပ်ရင်းများ အလှည့်ကျ စခန်းချ အခွန်ကောက်ခဲ့ရာမှ ယခုတိုင်ဖြစ်သည်။

မိုင်းရှူးမြို့ လွယ်ဇင်းတောင်အပြင် မိုင်းဇန်ရွာကြီးအနီး၌လည်း နအဖ တပ်စခန်းကြီး တိုးချဲ့ တည်ဆောက် နေသည်ဟု မိုင်းရှူး အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ပြောပြသည်။

“မိုင်းဇန်မှာ အရင်တုန်းက ကားလမ်းဘေးက လွယ်ကောင်းမူးတောင်မှာ တပ်ဆောက်မယ် ပြင်ကြ သေးတယ်။ ဒါပေမယ့် အဲ့မှာ စခန်းချတဲ့ စစ်သား တွေက မကြာခဏ နာမကျန်း / သေကြေကြတော့ အဲ့မှာ တပ်မဆောက်ရဲဘဲ လွယ်ဆုံ တောင်ဘက်ကို ပြောင်းတာ” ဟု ၎င်းက ပြောသည်။

မြို့နယ်ခွဲတိုးချဲ့စီမံကိန်း၌ ပါဝင်သည့်အရှေ့အလယ်ပိုင်းတိုင်း ဌာနချုပ် အဖြစ် လျာထားသော ကွန်ဟိန်းမြို့နယ် ကာလိ မြို့နယ်ခွဲ၏ အရှေ့မြောက် ဘက် ၁ မိုင်ကျော်အကွာ တွင်လည်း နအဖတပ် အသစ် တည်ဆောက်လျက် ရှိကြောင်း ကာလိမှ လာသော သတင်းအရ သိရသည်။

“ကာလိ အရှေ့မြောက်ဘက် ၁ မိုင်ကျော်အကွာ ကာလိ-လွယ်ဖာအသွားလမ်း မှာဆောက်မှာ။ နောက်ပြီး ပြည်သူ့စစ် အသွင် ပြောင်းလိုက်တဲ့ သျှမ်းတပ် ထိန်းချုပ်နယ်မြေထဲ ဖြစ်နေပြန်တော့ လူတွေက မနေချင်ကြဘူး။ စစ်မှု မထမ်းမနေရ ဥပဒေကြောင့်လဲ ပါတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်လည်း ယခင်က PSLA ပလောင်တပ်၊ ကချင် KIA / KDA တပ်နှင့် သျှမ်း SSNA တပ်တို့ ထိန်းချုပ် လှုပ်ရှားခဲ့ဖူးသော နမ့်တူ၊ မိုင်းမော်၊ မိုင်းယင်၊ မိုင်းဝီး၊ နမ့်ခမ်း အသွား လမ်းဟောင်းကိုလည်း ဆင်းရွှေလီလမ်းဟု အမည်တွင်ကာ စစ်ရေး မဟာဗျူဟာ လမ်းအဖြစ် ချဲ့ထွင်မွမ်းမံ ကျောက်ခင်းနေကြောင်း သိရပါသည်။


Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့