..............................

Monday, June 13, 2011

ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ

နရီလင်းလက်
Friday, 10 June 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်အကြား ကချင်ပြည်နယ် အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရေးအရ တင်းမာမှုများ ဆက်လက် ရှိနေသည်ဟု သိရသည်။

မိုးမောက်မြို့နယ်တွင် KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လ အတန်ကြာ စစ်ရေး တင်းမာပြီးနောက် ယမန်နေ့က တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

KIA နယ်မြေအတွင်းရှိ မိုင်ဂျားရား ကျေးရွာမှ ဒေသခံ တဦးကလည်း ကျေးရွာများတွင် နေထိုင်သည့် အမျိုးသား များသည် တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများသို့ သွားရောက်၍ စစ်တိုက်ခိုက်ရေးတွင် မပါဝင် နိုင်သော်လည်း ရိက္ခာ သယ်ဆောင်ရာတွင် ကူညီပေးကြသည်ဟု ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်နေ့ ညပိုင်းမှ စတင်ကာ မြန်မာ စစ်တပ်ဘက်မှ KIA ဌာနချုပ် အနီး တ၀ိုက်တွင် တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ် လာခြင်း ရှိသော်လည်း အရေအတွက် မည်မျှ တိုးချဲ့သည်ကို တိတိကျကျ မသိရဟု တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုဆိုင်းအောင် က ပြောသည်။

“မြစ်ကြီးနားနဲ့ ဗန်းမော်လမ်း ဘက်ပေါ့။ မနေ့က တိုက်ပွဲဖြစ်တဲ့ လမ်းဘက်မှာရော ၊ ဗန်းမော် လမ်းဘက်မှာရော ၊ လိုင်ဇာနဲ့ နီးတဲ့နေရာ မြန်မာ စစ်တပ်ဘက်က အင်အား ထပ်တိုးချထားတယ်”ဟု သူက ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် စစ်အစိုးရက ဖိအား ပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ စစ်သား ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး KIA တပ်မှ စစ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ၏ ပြောကြားချက်ကို ယမန်နေ့က ကချင် သတင်းဌာနတွင် ဖော်ပြထားသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မ၀င်ရောက်ရန် သတိပေး ခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေထဲသို့ အစိုးရ တပ်များ ၀င်ရောက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ KIA တပ် မဟာ ၃ ထိန်း ချုပ်သည့် နယ်မြေ အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကတည်းက အစိုးရ တပ်များနှင့် စစ်ရေး တင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက“ဗန်းမော်ခရိုင်ထဲမှာ ရှိတဲ့ မြန်မာ တပ်တွေထဲက စစ်သားအင်အား ၅၀၀ လောက် တော့ ရှိတယ်။ သူတို့က KIA နယ်မြေထဲကို ၀င်လာလို့ အဖမ်း ခံထားရတဲ့ မြန်မာ စစ်သားတွေကို လွှတ်ပေးဖို့ အင်အားနဲ့ လာ ခြိမ်းခြောက်သလို ၊ ဖိအားပေးသလို ပုံစံ မျိုးလုပ်တယ်လို့ သိရတယ်။ အဲဒီမှာ ညှိကြရင်းနဲ့ နှစ်ဘက် တင်းမာကုန်ပြီး မြန်မာ စစ်တပ်က စပစ်တာကို KIA ကလည်း ပြန်ပစ်ကြရင်း တိုက်ပွဲဖြစ်ကုန်တာ”ဟု ပြောသည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆို ခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေ အတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

ကိုဆိုင်းအောင်က“ထိုးစစ်အနေနဲ့ KIA နယ်မြေထဲကို ထပ်တိုးဝင်လာရင်တော့ စစ်ပွဲကြီးတွေ ဖြစ်လာ နိုင်တာပေါ့။ မနေ့က တိုက်ပွဲ ကလည်း လူသေတဲ့ အထိ ရှိသွားတော့ တိုက်ပွဲက ပြင်းထန်တယ် ပြောရမယ်”ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရ တပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက် ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့