..............................

Monday, June 13, 2011

နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ

စည်သူ
Saturday, 11 June 2011

နေပြည်တော် မြို့မဈေးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ အုံးကနဲ အသံကြားလိုက်တယ်။ အဲဒါနဲ့ ပြေးသွားကြည့်တော့ ဗုံးကွဲတာတဲ့။ ဈေးအတွင်း ထဲက သန့်စင်ခန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့ သူတွေက ဗုံးစ ထိတာ မဟုတ်ပါဘူး။ ဗုံးကွဲတဲ့ အရှိန်ကြောင့် လွင့်လာတဲ့ အုတ်ခဲ ကျိုးတွေထိပြီး ဒဏ်ရာ ရတာပါ။ သိပ်မပြင်းထန် ပါဘူး” ဟု နေပြည်တော် မြို့မဈေး ပွဲရုံတန်းတွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အုတ်ခဲက သန့်စင်ခန်းနားက ဆိုင်မှာ ထိုင်ပြီး စကားပြောနေတဲ့ နှစ်ယောက်ကို ထိတာ။ ကျောနဲ့ ခေါင်းမှာ ဒဏ်ရာ ရသွားကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဒဏ်ရာရရှိသူများကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ အာဏာပိုင်များက ခေါ်ဆောင် သွားကြောင်း သိရသည်။

ဗုံးကွဲမှုနှင့် ပတ်သက်၍ နေပြည်တော် အမှတ် ၄ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်မှုးက ပြောကြားသည်။ နေပြည်တော် မြို့မဈေးမှ တာဝန် ရှိသူများကလည်း ဖြေကြားခြင်း မရှိပေ။

“ဖြစ်ဖြစ်ချင်းပဲ ဈေးအစောင့်ရဲတွေ ရောက်လာတယ်။ မကြာဘူး၊ နေပြည်တော် အမှတ် ၄ ရဲစခန်းက ရဲတွေ၊ ထောက်လှမ်းရေးတွေ ချက်ခြင်း ရောက်လာတယ်။ ပြီးတော့ ဓာတ်ပုံရိုက်၊ အပျက်အစီးရှင်း၊ လုံခြုံရေး ချထားခဲ့ပြီး ပြန်သွားကြတယ်” ဟု မြို့မ ဈေးပွဲရုံတန်းတွင် နေသူက ပြောသည်။

ထိုသို့ ဗုံးကွဲမှုဖြစ်ပွားအပြီးတွင် လုံခြုံရေးတပ်ဖွဲ့များက လမ်းများကို ပိတ်ဆို့ရှာဖွေခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေး မှုးများက ဧည့်စာရင်းများ လိုက်လံ စစ်ဆေးခြင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများသို့ ၀င်ရောက် စစ်ဆေးခြင်း၊ အနှိပ် ခန်းများကိုလည်း ၀င်ရောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် မြို့မဈေးသည် အစိုးရဝန်ထမ်းများနှင့် စည်ကားလေ့ရှိသော ဈေးကြီးဖြစ်ကြောင်း၊ ယမန်နေ့ ညက ဗုံးကွဲမှုကြောင့် ယနေ့တွင် ဈေးဆိုင်အများစု ပိတ်ထားကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်အလွန် ဆင်သေဘူတာ၌ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် သံတောင်မြို့နယ်မှ လူတဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ လက်ချက် ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရ သတင်းစာများမှ စွပ်စွဲ ရေးသားခဲ့သည်။

ယခု အကြိမ်ဗုံးပေါက်ကွဲမှုသည် အစိုးရသစ် တာဝန်ယူပြီးနောက် ဒုတိယ အကြိမ်မြောက် ဗုံးကွဲခြင်း ဖြစ်ပြီး နေပြည်တော် တွင်မူ တတိယ အကြိမ်မြောက် ဗုံးကွဲခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့