..............................

Monday, June 13, 2011

စစ်သုံ့ပန်းမူကို အစိုးရ မလိုက်နာဟု KIO ပြော

ဖနိဒါ
စနေနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအစိုးရသည် စစ်သုံ့ပန်းအပေါ် ထားရှိအပ်သည့် နိုင်ငံတကာ မူဝါဒကို လိုက်နာခြင်း မရှိကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ပြောဆို လိုက်သည်။

ဇွန်လ ၈ ရက် မနက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIO ထိန်းချုပ်မြေထဲ နယ်ကျွံလာသည့် ခလရ ၄၃၇ မှ ဗိုလ်ကြီး မြတ်ကိုကိုနှင့် ဗိုလ်ကိုကိုဝင်းကို ထိန်းသိမ်း ထားရာမှ နောက်တရက် ညနေ ၆ နာရီခွဲတွင် ပြန်လွှဲ ခဲ့သော်လည်း၊ နှစ်ဖက် တိုက်ပွဲ၌ အဖမ်းခံရသည့် KIA ဒုတပ်ကြပ် ချန်ယိန်းကိုမူ အစိုးရတပ်က ညှဉ်းပန်း သတ်ဖြတ် ခဲ့သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ မှ ဒုတပ်ကြပ် ချန်ယိန်းမှာ တိုက်ပွဲအတွင်း ဒဏ်ရာကြောင့် ကျဆုံး သွားပြီဟု ပြောဆိုကာ အလောင်းကို ဇွန်လ ၁၀ ရက်၊ ညနေ ၂ နာရီ ၅၅ မိနစ်တွင် KIA ဘက်မှ လက်ခံ ရရှိခဲ့ရာ အလောင်းမှာ သေနတ် ဒဏ်ရာကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ရိုက်နှက် နှိပ်စက်၍ သတ်ဖြတ်ခဲ့သည့် လက္ခဏာ တွေ့ရသည်ဟု KIO အရာရှိ ဦးလှနန်က မဇ္စျိမကို ရေးသား ပေးပို့ထားသည့် စာထဲတွင် ရေးသားထားသည်။

“ရဲဘော်ရဲ့ ကိုယ်ခန္ဓာအနှံ့ ထုထောင်းရိုက်နှက်၊ ဓားချွန်ထိုး၊ ဦးခေါင်းကျေမွ ဒဏ်ရာနဲ့ သေဆုံးတာ သိရတယ်။ ညာဘက် လက်ဖ၀ါးကလည်း ကျေမွ ပျက်စီးနေတယ်။ အစွမ်းကုန် ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်လိုက်တယ်။ KIO အဖွဲ့အစည်းက ဖမ်းမိတဲ့ အစိုးရတပ်သား၊ ၀န်ထမ်းတွေကို အမြဲ ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်၊ အပ်တယ်၊ မေးမြန်းပြီး အားလုံးကို ပြန်လွှတ်တယ်၊ ပြန်အပ်တယ်” ဟု သူက ဆိုသည်။

KIO အရာရှိ ဦးလှနန်က ဖြစ်စဉ်ကို ဖေါ်ပြရာတွင် နှစ်ဖက် ညှိနှိုင်းနေသည့် ဇွန်လ ၉ ရက် မနက် ၃ နာရီခန့်တွင် ခမရ ၄၃၇ နှင့် ခမရ ၃၄၈ မှ ကား ၄ စီးဖြင့် စစ်သား ၈၀ ခန့်မှာ ဆန်ဂန်ကျေးရွာ KIO တပ်စခန်းဘက်သို့ ပစ်ခတ်ခဲ့သည်။ ၅ နာရီခန့်တွင် KIO တပ်စခန်းသို့ စစ်တပ်က ချဉ်းကပ်လာစဉ် KIO ဒုတပ်ကြပ် ချန်ယိန်းကို လက်နက်နှင့် အတူ အစိုးရတပ်က ဖမ်းဆီး သွားသည်ဟု ဆိုသည်။

အရာရှိ ၂ ဦး ပြန်လွှတ်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ က ၈ ရက်နေ့ ည ၉ နာရီခန့်တွင် KIO ဌာနချုပ်သို့ အကြောင်းကြား သဖြင့် ယခင် ဖမ်းဆီးထားသော KIO တပ်ဖွဲ့ ဝင်များနှင့် လဲလှယ်ရန် ပြန်လည် အကြောင်းကြား ခဲ့သည်။

''ဖမ်းဆီးခံတွေကို လွှဲပြောင်းအပ်ဖို့ မပခ တိုင်းမှူးက သံတမန်နည်း သုံးရအောင် ဆိုလို့ KIO ဘက်ကလည်း လက်ခံခဲ့တယ်။ အဲဒီ ပြောဆိုမှုတွေမှာ အခုဖြစ်နေတဲ့ ပြဿနာကို ဦးစွာ ဖြေရှင်းမယ်၊ KIA ရဲဘော်ကို ပြန်လွှဲပေးမယ်၊ စစ်တပ်က အရာရှိ ၂ ယောက်ကိုလည်း လွှဲပြောင်း ပေးဖို့ပါတယ်။ ကိစ္စပြီးသွားရင် သူတို့ရဲ့ တပ်တွေကို ပြန်ဆုတ်ခွါမယ်။ အရင့်အရင်က ဖမ်းထားတဲ့ KIO တပ်ဖွဲ့ ၀င်တွေကိုလည်း အမြန်ဆုံး လွှတ်ပေးနိုင်အောင် ဆောင်ရွက် ပေးမယ်ဆိုတဲ့ အဓိပ္ပာယ် ဆောင်တဲ့ ပြောဆိုမှုတွေ ရှိလာတယ်” ဟု KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဦးလှနန်က ရေးထားသည်။

၉ ရက်နေ့ တိုက်ပွဲတွင် KIA ဘက်မှ အနည်းဆုံး ၂ ဦး ထိခိုက်ပြီး စစ်အစိုးရဘက်မှ ဗိုလ်ကြီးအောင်မြင့်မြတ် အပါအဝင် ၃ ဦး ကျဆုံးကာ ဗိုလ်ကြီးဝင်းသိန်း အပါအ၀င် တပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရသည်ဟု ဆိုသည်။

အစိုးရဘက်မှ ထိခိုက်မှု များလာသဖြင့် ဇွန် ၉ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်ချိန်တွင် အပစ်ရပ်ရန် ကမ်းလှမ်းသဖြင့် KIA က အပစ်ရပ် သော်လည်း အစိုးရဘက်ကမူ ၁၂ နာရီ ၃၀ မိနစ်အထိ ပစ်ခတ်နေခဲ့သည်ဟု ရေးထားသည်။

စစ်အစိုးရ လက်နက်ကြီးကျည်တလုံး တာပိန် ရေအားလျှပ်စစ် စီမံကိန်း စက်ရုံဝင်းထဲရှိ တရုတ် အလုပ်သမား ဝန်ထမ်းများ အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူသေမှု အခြေအနေ မသိရကြောင်း ဆိုထားသည်။

KIO က ၂၀၁၀ စက်တင်ဘာတွင် စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ငြင်းဆို ခဲ့ပြီးနောက် မိမိ နယ်မြေအတွင်း ဝင်မလာရန် ၂၀၁၁ မေ ၂၅ နောက်ဆုံးထား၍ သတိ ပေးခဲ့သော်လည်း တပ်မဟာ ၃ နယ်မြေထဲ ဝင်လာပြီးနောက် ဇွန် ၉ ရက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

KIO သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေး ရရှိရေးအတွက် ၁၉၆၂ ခုနှစ်မှစ၍ တော်လှန်ခဲ့ရာ၊ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။ လက်ရှိတွင် နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့