..............................

Thursday, June 16, 2011

ဇေကမ္ဘာနှင့် လယ်သမားများ အငြင်းပွား

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွှတ်တော်အမတ်တဦးပိုင် ကုမ္ပဏီမှ အငြင်းပွားဖွယ်ရာ လျော်ကြေးပေး သိမ်းယူခဲ့သော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ လယ်ဧက ၈ဝဝ ကျော်တွင် လယ်စိုက်ခွင့် ရှိ/မရှိနှင့် ပတ်သက်ပြီး ထပ်မံ အငြင်းပွားမှု ဖြစ်ပွားနေသည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စု ရွှေနံ့သာနှင့် ပေါင်းကူရွာရှိ လယ်သမား ၇၁ ဦးထံမှ လယ်မြေများကို တဧကလျှင် ၆ သိန်းကျပ်ပေးကာ လယ်မြေများကို ယမန်နှစ်က သိမ်းယူခဲ့သည်။

ထိုလယ်မြေများပေါ်တွင် လယ်မစိုက်ရန် ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီဝန်ထမ်းများက လက်ရှိတွင် တားမြစ် နေခြင်းကြောင့် ကုမ္ပဏီအနေဖြင့် ကတိဖောက်ဖျက်သည်ဟု လယ်သမားများ ဘက်က စွပ်စွဲ ပြောဆို နေကြသည်။

“ဦးလေးတို့ လယ်ထဲဆင်းသွားပြီး ကန်သင်းရိုးတွေပေါက်၊ လယ်ကွက်တွေ ပြင်ဆင်နေကြတဲ့အချိန်မှာ သူတို့က လာတားတယ်။ သီးစားခွင့် ခင်ဗျားတို့လက်ထဲမရောက်ခင် လယ်ကွက်ကို မပြင်ကြနဲ့လို့ လာတားတယ်။ မင်္ဂလာဒုံ အုပ်ချုပ်ရေးမှူး ပါတယ်၊ မယကနဲ့ ရယကတွေ ပါတယ်” ဟု လယ်ဧက ၅ဝ ကျော် သိမ်းယူ ခံခဲ့ရသည့် ရွှေနံ့သာကျေးရွာမှ လယ်သမားကြီး တဦးက မဇ္ဈိမကို ပြောသည်။

ရွှေနံ့သာကျေးရွာမှ အမည်မဖော်လိုသူ လယ်သမားတဦးကလည်း “ဟိုတပတ်က လယ်ထွန်ဖို့ ပြင်နေတုန်း သီးစား မချခင် စိုက်လို့ မရဘူးဆိုပြီး ကုမ္ပဏီ လုံခြုံရေးတွေ လာတားတယ်” ဟု ဆိုသည်။

လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ပိုင်ရှင် ၇၁ဦး အနေဖြင့် ဆက်လက် လယ်စိုက် နိုင်သည်ဟု အစောပိုင်းတွင် ဦးခင်ရွှေက သဘောတူခွင့်ပြုချက် ပေးခဲ့သည်ဟု လယ်သမားများက ပြောသည်။

“လယ်သမားတွေကလည်း သူပေးတဲ့ ကတိအတိုင်းပဲ စိုက်တာ အခုမှ ၂ဝ၁ဝ တမိုးပဲ ရသေးတယ်။ အခု ၂ဝ၁၁ ကျတော့ သူတို့က အလုပ် လုပ်ချင်လို့ ဖျက်တဲ့ အခါကျတော့ လယ်သမားတွေက စီးပွားရေးတွေ၊ သားသမီးတွေ ပညာရေး အကုန်လုံး ပျက်စီးကုန်ပြီး ဒုက္ခဖြစ်နေတယ်”ဟု အခင်းဖြစ် လယ်ဧက ၅ဝ ပိုင်ဆိုင်ခဲ့သူ ဦးကျော်စိန်က ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီက တာတမံများကို ဘူဒိုဇာနှင့် ဖြိုဖျက်ခဲ့ခြင်းကြောင့် ရေဝင်၍ ပျက်စီးသော လယ်များအတွက် တဧကလျှင် ကျပ် ၃သိန်းစီ လျော်ကြေးပေးခဲ့သည်။

လက်ရှိတွင် ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားသည့် လယ်မြေများ ပေါ်တွင် ကွန်ကရစ် လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ်မီး ကြိုးများလည်း သွယ်တန်း နေကြောင်း လယ်သမားများက ပြောသည်။

လယ်များကို ယမန်နှစ်ဧပြီလအတွင်း လျော်ကြေးပေးဝယ်ယူစဉ်ကပင် တဧကလျှင် ကျပ်သိန်း ၂ဝ အထိ ဈေးပေါက် ခဲ့သော်လည်း ဈေးနှိမ် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများ ဘက်က ပြောသော်လည်း ကုမ္ပဏီ ဘက်ကတော့ ဂရုဏာကြေး ဆောင်း၍ ပိုပိုသာသာပင် ပေးခဲ့သည်ဟု စောဒက တက်ခဲ့သည်။

“သူပြောတာက ကျနော်က ခင်ဗျားတို့လယ်တွေကို ဝယ်တာမဟုတ်ဘူး၊ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းတာ မဟုတ်ဘူး၊ နိုင်ငံတော်က သိမ်းတာ။ နိုင်ငံတော်က သိမ်းရင် ငွေသောင်းဂဏန်း လောက်ပဲ ပြန်ရမယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ခေါ်ယူ တွေ့ဆုံသော တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ရွှေနံ့သာရွာမှ လယ်သမားတဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ လက်ထက် နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ရွှေမန်း (လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) နှင့် ခမည်းခမက် တော်စပ်သူ ဖြစ်သည်။

မဇ္ဈိမက ဦးခင်ရွှေကို ဆက်သွယ်မေးမြန်းရာ “အိုးအိမ်ဦးစီးဌာနက မြေစိုက်၊ အန်ကယ်တို့က Development စိုက်ပြီးတော့ လုပ်ကြတာပါ။ အဲဒါကြီးကို အန်ကယ်က ဒီလယ်ကို ဝယ်ပါတယ်တဲ့။ အန်ကယ်က ဝယ်ပိုင်ခွင့်လည်း မရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဝယ်လို့မရဘူး လယ်ဆိုတာက။ နိုင်ငံတော်ပိုင်ပဲ ဖြစ်တယ်။ နိုင်ငံတော်လုပ်မှ ရမယ်။ အဲဒါကြီးကို လူတွေက အမြင်လွဲနေကြတာ” ဟုသူက ပြောသည်။

“တချို့က မနှစ်က လမ်းဖော်တဲ့အချိန်မှာ စပါးစိုက်တယ်။ စပါးစိုက်တော့ အဲဒီစပါးတွေက မလွတ်တာ တွေကော၊ အန်ကယ်တို့ ရေမြောင်းတွေ၊ လမ်းတွေ လုပ်တဲ့အချိန်မှာ ထိခိုက်တာတွေ ရှိတယ်။ တကယ်တမ်းကျတော့ အဲဒီမြေတွေက တဧကမှာမှ ၅ဝ လောက် ထွက်တာ။ ၅ဝ ဆိုရင် စပါးထွက်ပြီး ပြန်ရောင်းရင် တသိန်းခွဲလောက်ပဲ ရမယ့်ကိစ္စအတွက် ၃ သိန်း ပေးခဲ့တယ်။ နစ်နာမှစိုးလို့” ဟုသူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့