..............................

Friday, June 17, 2011

တြိဂံတိုင်းမှူး ရှောင်တခင် စစ်ဆေးခံရ

ရန်ပိုင်
Thursday, 16 June 2011

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးအား လိုင်စင်မဲ့ကားများနှင့် ပတ်သက်၍ ပြီး ခဲ့သည့် တနင်္လာနေ့က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကကကြည်း) အထူးစစ်ဆေးရေး အဖွဲ့က ရှောင်တခင်ဝင် ရောက် စစ်ဆေးသည်ဟု သတင်းရသည်။

ထိုင်းနိုင်ငံဘက်မှ လိုင်စင်မဲ့ကားများ တရားမ၀င် ၀င်ရောက်မှု များပြားနေခြင်းတွင် ဗိုလ်မှူးချုပ် သန်းထွန်းဦး ပါဝင် ပတ်သက်သည်ဟု သံသယ ရှိသည့် အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း စစ်ဘက် အသိုင်းအ၀ိုင်းမှ သိရသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ယခင်က တြိဂံတိုင်း တိုင်းမှူး တာဝန် ယူခဲ့ဖူးသည်။

တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် ကျိုင်းတုံမြို့ခံတဦးက “လုပ်စားနေတယ်လို့ သံသယရှိလို့ စစ်ဌာနချုပ် ဖုန်းလိုင်းတွေ အားလုံး ချက်ချင်းဖြတ်ပြီး ချက်ချင်း ၀င်စစ်တာ”ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ၂ရက်နေ့က တာချီလိတ်မြို့ ရက်ဂျီးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်စပ် အစည်းအဝေး တွင်လည်း လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သေးသည်ဟု တာချီလိတ်မြို့ခံ တဦးကလည်း ပြောသည်။

တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြ၀တီ၊ တာချီလိတ် စသည့် မြို့များမှ တင်သွင်းပြီး အများဆုံး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ ဖြတ်၍ ခိုးသွင်းခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်း နေပြည်တော်တွင် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များကို လိုင်စင် ထုတ်ပေးရန် အာဏာပိုင်တို့က စီစဉ်နေ သည်ဟူသော သတင်းများကြောင့် စီးပွားရေး သမားတချို့က လိုင်စင်မဲ့ ယာဉ်များကို ဒေသ အသီးသီးမှ ၀ယ်ယူပြီး စုဆောင်းလျက် ရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက မန္တလေးမြို့၌ တရားမ၀င်မော်တော်ယာဉ်များကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် ရှောင်တခင် ဖမ်းဆီးခဲ့ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်း ရှင်များ၏ ကားများလည်း ပါဝင်နေသည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ်ခဲ့သေးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့