..............................

Tuesday, June 14, 2011

ထိုးစစ်ရပ်ရန် KIO က အစိုးရကို ရာဇသံပေး

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ထိုးစစ်ဆင်မှုကို တနင်္လာနေ့လည် ၁၂ နာရီ နောက်ဆုံးထား၍ ရပ်တန့်ရန် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က နေပြည်တော်သို့ ရာဇသံ ပေးလိုက်ကြောင်း KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောသည်။

ဇွန်လ ၁၁-၁၂ ရက်နေ့များတွင် KIO နှင့် အစိုးရတပ်များအကြား လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့အပြီး၊ ကချင်ပြည်နယ် သာမက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများတွင် တိုက်ပွဲများ ဆက်ဖြစ် နိုင်သဖြင့် ပြည်တွင်းစစ် ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကြားလူမှ တဆင့် နေပြည်တော်သို့ တနင်္လာမနက် ၁ဝ နာရီတွင် အကြောင်းကြား လိုက်ခြင်း ဖြစ်သည်။

“ တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အစိုးရဘက်က ထိုးစစ် ဆင်တာတွေကို လျှော့ချ ပေးဖို့၊ ရပ်ပေးဖို့ ပြောထားတာ ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က ရပ်ဖို့ အစီအစဉ် မတွေ့ရ သေးတဲ့အတွက် ကျနော်တို့ ဘက်က ကျနော်တို့ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးကို ကိုယ့်ပတ်ဝန်းကျင် နေရာကနေ တိုက်ဖို့ အားလုံးကို ညွှန်ကြား ထားလိုက်ပြီ၊ သည်းခံနိုင်မှုတွေ ကျော်သွားပြီ။ ကျနော်တို့ နောက်ဆုံး ဒီနေ့ ၁၂ နာရီထိ ရာဇသံ ပေးထားတယ်” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲရပ်တန့်ကာ KIO နှင့် ဆွေးနွေးစေလိုသော်လည်း အစိုးရဘက်က ယနေ့ညနေပိုင်းထိ အကြောင်း မပြန်ဘဲ၊ ထိုးစစ် ဆင်မှုများ ဆက်ရှိ နေသဖြင့် မိမိ၏ နယ်မြေ အနီးတဝိုက်တွင် တိုက်ခိုက်ကြရန် ဗဟိုက ၎င်း၏ တပ်ရင်းများသို့ ညွှန်ကြား ထားပြီးပြီဟု ဆိုသည်။

လက်ရှိ တိုက်ပွဲများအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ က မညွှန်ကြားဘဲ နေပြည်တော်ရှိ ကကကြီးက တိုက်ရိုက် ညွှန်ကြားနေပြီး၊ တနင်္လာနေ့ နေပြည်တော်တွင် ယင်းတိုက်ပွဲနှင့် ပတ်သက်၍ စည်းဝေးနေသည်ဟု KIO သတင်း ရပ်ကွက်က ဆိုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် KIO ၏ လက်အောက်ခံတပ် KIA တပ်မဟာ ၃ မှ တပ်ရင်း ၁၅ အနီးတွင် မပခ လက်အောက်ခံ တပ်ရင်းနှင့် ဗန်းမော်မြို့အခြေစိုက် စကခ ၂၁ လက်အောက် ခြေမြန်နှင့် ခြေလျင် တပ်ရင်း အနည်းဆုံး ၁ဝ ရင်း၊ စစ်အင်အား ၅ဝဝ ခန့်က ထိုးစစ်ဆင်နေမှုမှာ ယနေ့ထိ မရပ်သေးဟု ဦးလနန်က ပြောဆိုသည်။

KIA အနေဖြင့် တပ်ရင်း ၁၅ တခုတည်းသာ တိုက်ခိုက်နေပြီး၊ အခြားတပ်ရင်းများသို့ မကူးစက် လိုသဖြင့် စစ်ကူများ မလွှတ်ဘဲ ခံစစ်ဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသည်။

KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင်ပါ စိုးရိမ်ရသဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ KIO ဆက်ဆံရေး ရုံးနှင့် KIO ပိုင် ဘူးဂါး ကုမ္ပဏီရုံးမှ ဝန်ထမ်းများကို လုံခြုံရေး အရ တနင်္ဂနွေနေ့တွင် ပြန်ခေါ် လိုက်သော်လည်း ကုမ္ပဏီရုံးကိုမူ မရုပ်သိမ်း သေးပေ။

အစိုးရဘက်မှ ၈၂ မမ၊ ၁၂ဝ အမြောက်များဖြင့် ၆ မိုင်ခန့်အကွာမှ ပစ်ခတ် နေသဖြင့် KIO စခန်း ဘွမ်ဆန်တောင် (ထုံးဘိုစခန်း) မှ တမိုင်ကျော် အကွာရှိ ရှေ့တန်း တပ်ဖွဲ့ကို ပြန်ရုပ်လိုက်ပြီး စခန်းတောင်ပေါ်မှ ခုခံ တိုက်ခိုက်နေသည်ဟု အခြား KIO အရာရှိ တဦးက ပြောသည်။

KIA မှ အနည်းဆုံး ၃ ဦး ကျဆုံးပြီး အစိုးရဘက်မှ အမြောက်အမြား ကျဆုံးကာ၊ မိုးမောက်နှင့် ဗန်းမော်ရှိ ဆေးရုံများ၌ အနည်းဆုံး လူနာ ၁ဝဝ ဝန်းကျင် ရှိသည်ဟု ဒေသခံများ အပြောအရ သိရကြောင်း ဦးလနန်က ပြောသည်။ သို့သော် မဇ္ဈိမ အနေဖြင့် နှစ်ဖက် အကျအဆုံးနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုတိုက်ပွဲအနီးရှိ ရွာများသားနှင့် လွယ်ဂျယ်မြို့ အနီးရှိ ဒေသခံများ အနည်းဆုံး ၂၀၀၀ ခန့်မှာ တရုတ်ဘက် ကျယ်ခေါင်၊ လားရင်း ကျေးရွာဘက် ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်။

“တရုတ်တွေကိုလည်း ဒုက္ခမပေးချင်ဘူး။ အဲဒီလို မဖြစ်အောင် စစ်ပွဲကို လျော့သလောက် လျော့သွား၊ တတ်နိုင် သလောက် ငြိမ်းသွားပါစေ ဆိုတဲ့ စိတ်နဲ့ လုပ်နေပေမယ့် သူတို့ဘက်က စစ်အင်အားကြီးနဲ့ ထိုးစစ် ဆင်လာတယ် ဆိုတော့။ ကျနော်တို့ ဘက်က စစ်ပွဲ မဖြစ်စေချင်ဘူး” ဟု ဦးလနန်က ပြောသည်။

KIA က ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ အရပ်သားများကို တပ်လှန့်ထားကာ၊ လိုင်ဇာ အနီးတွင် စစ်အင်အားများ အသင့် အနေအထားဖြင့် တိုးချဲ့ ချထား လာသောကြောင့် စစ်ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိုင်ဇာမှ ၆ မိုင်အကွာရှိ လဂျားယန်၊ မဒီးယန်၊ အောင်ဂျာ စသည့် ကျေးရွာများမှ ဒေသခံများ လိုင်ဇာသို့ ဝင်ရောက် လာသည်ဟု KIO ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့