..............................

Friday, November 12, 2010

SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့် ဖြန့်ကျက်

Thursday, 11 November 2010

ပြည်သူ့စစ်အသွင်ပြောင်းရန်ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ(၁ ထိန်းချုပ်နယ် မြေသို့ ရွေးကောက်ပွဲ မတိုင်မီ တပ်အင်အား တိုးချဲ့ဖြည့်တင်း ထားသော နအဖတပ်များ ဆုတ်ခွါခြင်း မရှိသေးဘဲ ဖြန့်ကျက်နေရာ ယူထားကြောင်း စုံစမ်း သိရှိရပါသည်။

“အင်အား ၁၈၀၀ လောက်ရှိတယ်။ တပ်မဟာ ၁ ဌါနချုပ်ရဲ့အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက် တွေမှာ နေရာ ယူထားတယ် ” ဟု မိုင်းရှုး ဒေသခံ တစ်ဦးက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်-ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ ၊ ၅၇၄ တို့က ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး အကြောင်းပြကာ မိုင်းရှုးနှင့် မိုင်းနန်းဘက်သို့ သွားရောက် ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

“နမ့်လောင်းအုပ်စုကနေ သံလွင်မြစ် တာ့ပိန်းဖိဆိပ်အဆင်း ကားလမ်း၊ တိဟုန်းအုပ်စုက တာ့ဝန်းနောင်း ကူးတို့ဆိပ် အသွား ကားလမ်း၊ တိဟုန်း အုပ်စုကနေ မိုင်းရှုးအသွား ကားလမ်း၊ တောင်ဟျိုး အုပ်စုအနား တ၀ိုက်နဲ့ တိဟုန်း အသွား လူသွားလမ်း လှည်းလမ်းတွေမှာ နအဖ တပ်ချ ပိတ်ဆို့ စစ်ဆေးနေတယ်။ နေရာအချို့ ဖြန့်ကျက်စောင့်ဆိုင်းတယ်” ဟု ၎င်းက ဆက်ပြောပါသည်။

နိုဝင်ဘာ ၅ ရက်ကလဲ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့် အတူ ကျောက်မဲ အခြေစိုက် စကခ ၁ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းခမရ ၅၀၅ (နမ့်လန်) နှင့်ခမရ ၁၁၄ (နောင်ချို) တို့ကလည်း လားရှိုးမှတန့်ယန်းမိုင်းကောင်သို့ ရောက်သွားကြပြီး ယနေ့တိုင် တပ်ရုပ်ပြန်ခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံ တစ်ဦးက အခုလို ပြောပါသည်။

“တိုင်းချုပ်အောင်သန်းထွဋ်နဲ့အတူ တပ်ရင်းမှူးတွေ မိုင်းကောင်ဘက်သို့ရောက်သွားကြတာ။ အခုထက်ထိဘဲ။ ရှေ့တန်း ရင်းမှူး တွေ တပ်မဟာ ၁ ထိန်းချုပ် နယ်မြေထဲ ကျေးရွာအုပ်စု ၃-၄ စုရဲ့ ဥက္ကဋ္ဌတွေကို သွားခေါ်တွေ့တယ်။ ထင်းတွေ ၀ါးတွေ ဆင့်ဆိုတယ် ကြာကြာနေမယ့် ပုံဘဲ”

ယမန်နေ့ ရိက္ခာအပြည့်တင်ဆယ်ဘီးကားတစီး မိုင်းကောင် ခလရ ၃၃ ထဲ ရောက်သွားကြောင်း နယ်လှည့် ပြည်သူ့ ဆက်ဆံရေး တပ်ဖျော်ဖြေရေး အဖွဲ့ကား ၄ စီးလည်း ရောက်သွားကြောင်း၊ မိုင်းကောင် ဘောလုံးကွင်း၌ ယမန်ညက အဆိုအက ဖျော်ဖြေပွဲ လုပ်ကြောင်း မိုင်းကောင် ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းကောင်မြို့နယ်ခွဲ တောင်ဘက် ၇ မိုင်အကွာ တောင်ဟျိုးနှင့်နမ့်လောင်းကျေးရွာ အုပ်စုအကြား လွယ်ဇောင့် တောင်ထိပ်ရှိ တပ်မဟာ ၁ တပ်စခန်းမှာမူ တပ်ရုပ် ဆုတ်ခွါခြင်း မရှိသေးကြောင်း သိရှိရသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့