..............................

Friday, November 12, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန်ရောက်လာ

2010-11-11

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်လာ နေကြပြီလို့ သိရပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့က အဖွဲ့ဝင်တွေ ရန်ကုန်မြို့ကို ရောက်နေကြပြီး စုစုပေါင်း ၁၀၀ နီးပါးလောက် ရှိတယ်လို့ NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ လုပ်ကြံ တိုက်ခိုက်ပြီး ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာဖြစ်ပါတယ်။

ပြန်လွတ်မြောက်တော့မယ့်အချိန်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲ ၀င်ရောက်မှုကြောင့် နေအိမ် အကျယ်ချုပ် ချိုးဖောက်မှု စွဲချက်နဲ့ အာဏာပိုင်တွေက ထောင်ဒဏ် (၃)နှစ် ထပ် စီရင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို လျှော့ပေးတယ် ဆိုတဲ့ အမိန့် ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ အမိန့်မှာ မည်သို့ပင် ပြစ်ဒဏ် ချမှတ်ထားသည် ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်၊ လျှော့ပေါ့ ပြောင်းလဲခဲ့ပြီး၊ ကျန်ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ ခဲ့ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လာမယ့် နိုဝင်ဘာလ (၁၃) ရက်နေ့ မှာ သူ့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ထက်ဝက် တင်းတင်း ပြည့်ပြီဖြစ်လို့  ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အမိန့်အတိုင်း လွှတ်ကို လွှတ်ရမယ့် အခြေအနေ ဖြစ်တယ်လို့ NLD အဖွဲ့ဝင်တွေက ပြောဆို ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်ရက်ကို ကြိုဆိုတဲ့ အနေနဲ့ အဖွဲ့ဝင်တွေက မနက်ဖြန်မှာ ဆေးရုံတွေ သွားပြီး သွေးလှူ ကြမယ်လို့လဲ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့