..............................

Monday, November 8, 2010

လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု အိုဘားမား ပြော

ဇာနည်မာန်
Sunday, 07 November 2010

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရောက် အမေရိကန် သမ္မတ အိုဘားမား က ယနေ့ ကျင်းပနေသော မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံသားများအနေဖြင့် ဒေသတွင်းနိုင်ငံများအတွင်းရှိ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို အားပေးရမည် ဖြစ်ကြောင်း သမ္မတ အိုဘားမား က ပြောသည်။

၎င်းက“အခုအချိန်မှာ မြန်မာပြည်မှာ ရွေးကောက်ပွဲ လုပ်နေပြီး မြန်မာနိုင်ငံသားတွေဟာလည်း မဲပေးနေကြတယ်။ ဒီရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး”ဟု မွန်ဘိုင်းမြို့ စိန့်ဇေးဗီးယား ကောလိပ် ရှိ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောဆိုသည်။

“ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်”ဟုလည်း အိုဘားမားက ပြောကြောင်း အေအက်ဖ်ပီ သတင်း တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ အင်အားကြီး နိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည်ကို အမြဲသတိရှိ၍ အိန္ဒိယနိုင်ငံသားများ၊ အထူးသဖြင့် လူငယ်များအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေး အတွက် ထုတ်ဖော်ပြောဆိုသင့်ကြောင်း အိုဘားမား က တိုက်တွန်းသည်။

“သူများနိုင်ငံရဲ့ အစိုးရအဖွဲ့ကို ပါဝင်ပတ်သက်တယ်လို့ မဟုတ်ပေမယ့် ဒီလိုနိုင်ငံမျိုးတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေး အတွက် သဘောထားကို အမြဲ ထုတ်ဖော် ပြောဆို သင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပသော ရွေးကောက်ပွဲမှာမူ ကြိုတင်မဲများ ကောက်ယူရာတွင် တရား မျှတမှု မရှိခြင်း၊ နိုင်ငံတ၀န်းရှိ မဲရုံများတွင် လာရောက်မဲပေးသူ ဦးရေ နည်းပါးခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များ ပါဝင်သော ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန် ခြိမ်းခြောက် ပြောဆိုခြင်း၊ မဲရုံများတွင် ကြံ့ဖွံ့ပါတီဝင် များက ၀င်ရောက် မဲဆွယ် နေခြင်းများ ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။

သမ္မတ အိုဘားမားသည် အာရှခရီးစဉ်၏ တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံတွင် ၃ ရက်ကြာ ရောက်ရှိနေပြီး မွန်ဘိုင်းမြို့ တွင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံ၍ မေးခွန်းများကို ဖြေကြားခဲ့သည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် အန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်နှင့် နယူးဒေလီတွင် တွေ့ဆုံမည်ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း အမေရိကန် - အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေးနှင့် နည်းပညာ ဖလှယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့