..............................

Thursday, November 11, 2010

အညံ့ခံဖို့ အကြောင်းမရှိ

Wednesday, 10 November 2010

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရ အဆောက်အအုံ များစွာကို ယာယီ ထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီ မြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရ တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူ ဒေသတွင် တပ်စွဲထားသော စစ်အစိုးရ တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေး ခဲ့ကြသည်။

ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအား ပေးသည့် အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘော မတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။

လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦ တွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက် ခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင် ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီမှာ ကျနော်တို့ တပ်တွေ နေရာ စယူခဲ့တာပါ။

မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေး လုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျ ပြောဆိုဖို့ ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့ အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွား ခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေ ဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လို အကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့် တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာ ပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထု အတွက်ပဲ အလုပ်အကျွေး ပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ် ပေးဖို့ဆိုတာ ကျနော်တို့ တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။

မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူ လူထု အတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့ သဘောပါပဲ။ ပြည်သူ လူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတွေမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀န်းက လာရောက် ကြည့်ရှု လေ့လာဖို့ လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်း ပေးသင့်ပါတယ်။

မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာ တခုပဲ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ် ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။

မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ရည်တည် လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်နဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ထင်ပါသလဲ။ အပစ်အခတ် ရပ်စဲရေး အပေါ်မှာကော သူတို့အနေနဲ့ အလေးအနက် ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေး ရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာ ကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ် မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက် အပေါ်မှာ အလေးထားခြင်း မရှိသလို အပစ်ရပ် စာချုပ်နဲ့ ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထု အပေါ်မှာရော တိုင်းရင်းသား လူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေ အုပ်ချုပ်မှု အောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။

မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲ ရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရ တပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။

ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာ ချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျား စစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေး အကူအညီပေးမယ့် အကူ တပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။

မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။

ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။

မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်း ရှိသေးတယ်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့