..............................

Thursday, November 11, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ အရေးတော်ပုံနဲ့ ခွပ်ဒေါင်း အစစ်အမှန်တို့ရဲ့ အောင်ပွဲ ဖြစ်တယ်

မိုးမခ
နိုဝင်ဘာ ၁၀၊ ၂၀၁၀

၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲကို မတ်လကတည်းက သပိတ်မှောက်ထားတဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကို မိုးမခက ဆက်သွယ်ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ အရှုပ်အထွေး၊ ပဋိပက္ခများအပေါ် ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

ဆရာက တိုတိုတုတ်တုတ်ပဲ

“အခုအရေးအခင်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ရှုံးသွားပြီ၊ ဒေါ်အောင်ဆန်းစု ကြည် အနိုင်ရတဲ့ ပွဲဖြစ်တယ်။ အင်န်အယ်ဒီပါတီ အနိုင် ရသွားတယ်။ ၈၈ အရေးတော်ပုံကြီးနဲ့ ခွပ်ဒေါင်း အစစ်အမှန်တွေ နိုင်တဲ့ ပွဲ ဖြစ်တယ် …” လို့ ပြောလိုက်ပါတယ်။

“လျပ်တပြက်သုံးသပ်ချက်ပဲ ဆိုဆို၊ အကြမ်းသုံးသပ်ချက်ပဲ ဆိုဆို တိုတိုပြောရရင်၊ ရွေးကောက်ပွဲဟာ ပြီးသွားပြီ။ ပြီးသွားတဲ့ အခါကျတော့ ပြဿနာတွေ မီးမွှေးပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ တန်းလန်းတွေပေါ့။ ဟုတ်လား။ ဟိုပါတီ ဒီပါတီက မဲခိုးလို့တို့၊ Free & Fair Election မဖြစ်ဘူးတို့။ တကယ်တမ်းကျတော့ ရွေးကောက်ပွဲကို ဓါးမြ တိုက်တာပဲ။ ဒီကိစ္စတွေကတော့ သီးခြား ကိစ္စပါပဲ။ ဒါ့အပြင် နောက်ပိုင်းမှာလဲ အနယ်နယ် အရပ်ရပ်က အမှုပေါင်းများစွာက ဘယ်အချိန်မှာ ဘာတွေ ဘယ်လို ပေါ်လာကြဦးမယ် မသိဘူး။ ဟုတ်လား။ အခုကျတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြုံးဝါးတဲ့သူက ကြုံးဝါး။ တချို့ကတော့ အစိုးရကို တရားစွဲမယ်လို့ ကြုံးဝါးတဲ့ သူကလည်း ကြုံးဝါး။ ထားလိုက်ပေါ့ ပြီးပါပြီး။ သူတို့ဖာသာသူတို့ လုပ်ချင်တာ လုပ်မှာပဲလို့ ပြောတဲ့သူကလည်း ပြော။ မျိုးစုံ ဖြစ်ကျန် ခဲ့တာပေါ့ကွာ။

အခုဆိုရင် နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကြားထဲမှာ မကျေနပ်တာတွေ အပြင် ပြည်တွင်းစစ် လိုမျိုး တိုက်ပွဲတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီတော့ ရွေးကောက်ပွဲ အပြီးမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။
ကျနော်တို့ အနေနဲ့ တိုတို တုတ်တုတ် သုံးသပ်ရရင် စစ်အစိုးရဟာ ဒီရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးသွားပြီ။ ဒီလိုမျိုး မြင်ကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲဟာ အောင်မြင်မှုကြီး တခုအဖြစ် ကမ္ဘာကို ပြချင်တယ်။ သူတို့ကလည်း ကောင်းကောင်း ကျင်းပတယ်။ လူတွေကလည်း ပျော်ပျော်ကြီး ဆင်နွှဲကြတယ်။ သူတို့ရဲ့ ဘ၀သစ် အတွက် ရွေးချယ်ကြတယ်လို့ ကမ္ဘာကို ပြချင်တယ်။ ဒါပေမယ့် ဘာဖြစ်သွားသလဲ ဆိုတော့ သူတို့ ပြစေချင်သလို မြင်စေချင်သလို ဖြစ်မလာခဲ့ဘူး။

ရွေးကောက်ပွဲမှာ မဲပေးသူနှုန်းဟာ အလွန်နဲတယ်။ မဲပေးသူတွေက တတိုင်းပြည်လုံးမှာ ပျမ်းမျှခြင်း ၃၀ % ကနေ ၂၀ %လောက် အထိပဲ ရှိတယ်။ လူတွေက မဲတွေ မပေးကြဘူး။ လူတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀ိုင်းပြီး ထောက်ခံပြီး ဆင်နွှဲခြင်း မရှိဘူး။ ဒါကို စစ်အစိုးရက မပြနိုင်တော့ဘူး။ မအောင်မြင်ဘူး။ ရှုံးသွားတယ်။ အဓိကရှုံးတဲ့ သူဟာ စစ်အစိုးရပဲလို့ ကျနော်တို့က ပြောကြတယ်။ ဒါဆိုရင် နိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြရင် နိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ ပြောချင်တယ်။ ဘာလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သည်ရွေးကောက်ပွဲမှာ မဲမပေးချင် မပေးကြပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ရွေးကောက်ပွဲမှာ မပါဝင်ဘူး။ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံဆော်တယ်။ မဲမပေးလဲ နေနိုင်ခွင့် ရှိတယ်လို့ ပြောတယ်။ သည်လှုပ်ရှားမှုဟာ မြန်မာပြည် ကျေးလက် တောရွာတွေအထိ ပြန့်နှံ့ပြီးတော့ တောင်တန်းဒေသ၊ နယ်စွန် နယ်ဖြားတွေ အထိ ဒီသဘောထားဟာ ပြန့်နှံ့ သွားတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အဓိက နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီ ဖြစ်တယ်လို့ သုံးသပ်တယ်။

နောက်တမျိုး သုံးသပ်တာက ဘာလဲဆိုတော့ - တိုင်းရင်းသားပါတီတွေကနေပြီးတော့ သူတို့ရဲ့ ပြည်နယ် ဒေသကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာ ၀င်ရောက်ပြီးတော့ ကြံ့ဖွံ့ပါတီအပေါ်မှာ အောင်ပွဲ ခံမှုတွေကတော့ တပိုင်းပေါ့။ ဒါတွေကို အသာ ထားပြီးတော့ ပြည်မမှာ ကြည့်ကြမယ် ဆိုရင် အင်န်ဒီအက်ဖ်လို ပါတီမျိုးက သူတို့တွေက အစကတော့ နိုင်နေတာ၊ ကြိုတင်မဲတွေကြောင့် ရှုံးသွားတာလို့ ပြောကြတယ်။

ဒါပေမယ့် လူတွေက ဘယ်လို သုံးသပ်သလဲဆိုတော့ အင်န်ဒီအက်ဖ်နိုင်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ပဲ နိုင်တာ၊ ဘာကြောင့်လဲ ဆိုတော့ အဲသည်ပါတီက ဒေါ်အောင်ဆန်း စုကြည် ပုံတွေ သုံးတယ်၊ အင်န်အယ်ဒီရဲ့ ခမောက် ပုံတွေကို သုံးတယ်။ ဒါတွေကို သုံးစွဲပြီး လုပ်တာကြောင့် သူတို့ တတွေဟာလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ နိုင်တာ မဟုတ်ဘူး။

နောက်တချက်ပြောရရင်လည်း ၈ လေးလုံး အရေးတော်ပုံကြီးက နိုင်တယ်လို့ ပြောချင်တယ်။ အခု ရွေးကောက်ပွဲ ၀င်တဲ့ သူတွေက သူတို့ကိုယ် သူတို့ ၈၈ မျိုးဆက်တို့၊ ဘာတို့၊ ခွပ်ဒေါင်းတို့ ဘာတို့ စသည်ဖြင့် ပြောဆိုပြီး သုံးစွဲပေမယ့် သူတို့ တတွေဟာ အနိုင် မရကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တတွေက အတုအယောင်တွေသာ ဖြစ်တယ်။ အနိုင် မရကြဘူး။ တကယ်တမ်း ကျတော့ မြန်မာပြည်ကြီးရဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ် အစစ် အမှန်တွေကသာ ဒီရွေးကောက်ပွဲကို အနိုင်ယူ လိုက်တယ်လို့ သုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအင်အား အစစ်အမှန်တွေက သည်ရွေးကောက်ပွဲ ကြီးမှာ အနိုင် ရလိုက်တယ် ဆိုတာက ဘာနဲ့ အလားသဏ္ဍန် တူသလဲ ဆိုတော့ - ဖဲဝိုင်းတွေမှာ ဆိုရင် ဒီမိုကရေစီ အင်အား အစစ်အမှန် တွေက ၀ိုင်းထဲမှာ အိမ်အပြည့် နေရာယူပြီး ထိုင်ကစား နေတာပါ။ အင်န်ဒီအက်ဖ်လို မျိုးတွေ၊ ၈၈ အတုအယောင်တွေ၊ ခွပ်ဒေါင်း အတုအယောင် တွေက ၀ိုင်းထဲမှာ အပြည့် ၀င်မကစားနိုင်လို့ ဘေးကနေ ၀င်ထိုးတဲ့ သဘော သာသာလောက်ပါ။ ဘေးကနေ တဆယ်ထိုး၊ ငါးကျပ် ထိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည် တို့က ရာနဲ့ ထောင်နဲ့ ချီပြီး ထိုးနေတာကို ဘေးကနေ ၀င်ထိုး နေတာမျိုးပေါ့။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အရေးတော်ပုံ စိတ်ဓာတ်တွေ၊ ခွပ်ဒေါင်းတွေ အနိုင်ရကြရင် သူတို့လည်း သည်ဟာကို မှီခိုပြီးတော့ စားရမလားလို့ ဘေးထိုး ကြတဲ့သူတွေပါ။

အဲသည်မှာ သည်ရွေးကောက်ပွဲကြီးမှာ ဘယ်လိုပဲဆိုဆို ဘေးထိုးသားတွေ အနေနဲ့ သူများ နံမယ်တွေ ပုံတွသုံးပြီး နိုင်ကြတယ်ပဲ ထား။ သူတို့က အစစ်အမှန် မဟုတ်တဲ့ အခါကျတော့ ဘေးထိုးသားတွေ နိုင်တာကို ဖဲဝိုင်းမှာ လူမိုက်က ၀င်လုသွားတာကို ခံလိုက်ရတဲ့ သဘောပါပဲ။ ဒီလောက်ပဲ ကျနော်တို့က မြင်တယ် လို့ ဆိုချင်ပါတယ်။

ကျနော်တို့တတွေကတော့ အစကတည်းက ပြောထားတဲ့ လမ်းစဉ်အတိုင်းပဲ ပြည်သူတွေနဲ့၊ မြန်မာပြည် တွင်းက တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဒုတိယ ပင်လုံ ညီလာခံကြီး ကျင်းပပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းအောင် ဆက်လက် ဆောင်ရွက် သွားကြရမှာပဲ လို့ ပြောချင်ပါတယ်။

(ဆရာဦးဝင်းတင်နဲ့ မိုးမခတို့ နိုဝင်ဘာ ၁၀၊ နံနက်ခင်း၊ အင်န်အယ်ဒီပါတီ ဌာနချုပ်ရုံး တည်ရှိရာမှာ ပြောဆိုခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။)

Ref: မိုးမခ

0 comments:

အပေါ်သို့