..............................

Wednesday, November 10, 2010

မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ

နရီလင်းလက်
Tuesday, 09 November 2010 19:31

ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သော “ မင်းသမီး ၃ ပါး” ဟု မီဒီယာများက ဖော်ပြကြသူများ ပါဝင်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့သည် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲတွင် ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက “နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံတဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ် ဆိုတာ သိပေမယ့် ရှုံးတယ်ဆိုတာက မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ။ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ ရသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် မန္တလေးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲ အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

“အခု ကျင်းပသွားတဲ့ ရွေးကောက်ပွဲက မတရားဆုံး ရွေးကောက်ပွဲတခုပဲ။ နိုင်သွားတဲ့ပါတီ အနေနဲ့ သိက္ခာရှိရှိ ဖြစ်ချင်တယ် ဆိုရင်တော့ အရပ်သား အစိုးရ ပီပီပြင်ပြင် လုပ်ပေးခဲ့မယ် ဆိုရင်တော့ ကောင်းမယ်။ ဒီရွေးကောက်ပွဲကို အဖေသာ ရှိနေရင် မတရားဆုံး ရွေးကောက်ပွဲလို့ ပြောမှာပဲ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ကိုယ်စားပြု၍ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်သည့် ဒေါ်ချိုချိုကျော်ငြိမ်းက “နယ်ကလူတွေက ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့၊ ဘယ်လို ဖြစ်တာလဲတဲ့။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက် မဲခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲ မဲကရောက်နေပြီ။ ဒီအတွက် မနက်ဖြန် နေပြည်တော်အထိ တက်ပြီး တိုင်ဖို့လုပ်မယ်” ဟု ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းသည် ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၏ သမီးဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင် ဒီမိုကရက်တစ် ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေက “တပါတီက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချ သွားတယ်။ တပါတီက ကြိုတင်မဲကို အသုံးချသွားတယ်။ ပြည်သူလူထုကတော့ မီးပျက်ပြီး အမှောင်ထဲမှာ နေနေရတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲမတိုင်မီ ပါတီကိုယ်စားပြု သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်းတို့ ၃ ဦးသည် မြန်မာပြည်၏ မင်းသမီး ၃ ပါးဟု တင်စား ပြောဆိုခဲ့ပြီး စစ်အစိုးရမှာမူ စုန်းမ ၃ ယောက်အဖြစ် မြင်မည်ဟု ပြောခဲ့သည်။

မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးကောက်ပွဲသည် ပထမဆုံးခြေလှမ်းဟု ယုံကြည်ကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဟု ၎င်းတို့က ပြောကြသည်။

မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

“ပြည်သူပေးတဲ့မဲမှာ ကျနော်တို့ နိုင်တယ်၊ သက်ဆိုင်ရာက ပေးတဲ့မဲမှာတော့ ကျနော်တို့ ရှုံးတာပေါ့။ မဲရေတော့မှ ကြိုတင် မဲထုပ်တွေ ရောက်လာတယ်။ တချို့နေရာတွေမှာဆို အထုပ်တောင် မမြင်ရဘူး။ ဒါ ကြိုတင်မဲ ပေးထားတဲ့ လူစာရင်းဆိုပြီး ပြတယ်။ မဲတွေ ပြခိုင်းတော့ ပြခွင့် မရှိဘူးပြောတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူး ဆိုတာ အစကတည်းက သိပေမယ့် ဒီလောက်အထိ လက်လွတ်စပယ် လုပ်မယ်မထင်ဘူး။ မျှော်လင့်ထားတာထက် ပိုသွားတာပေါ့” ဟု ၎င်းက ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ရွေးကောက်ပွဲရလဒ်နှင့် မဲသမာမှုများအရ ရွေးကောက်ပွဲသည် မသင့်တင့်သော ရွေးကောက်ပွဲ ဖြစ်သော်လည်း ပြည်သူများ နိုင်ငံရေး နိုးကြားမှု အားကောင်း လာစေရန် ပြုနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီ အင်အားစုများ ရရှိလိုက်သည့် အမြတ်ဖြစ်သည်ဟု ဆိုသည်။

“တခြားပါတီက မဲမသမာမှုတွေကို တိုင်ဖို့လုပ်ရင်တော့ ၀င်ပါဝင်သွားဖို့ ရှိတယ်။ တိုင်တယ်ဆိုတာ လေးစားတဲ့လူကို တိုင်တာလေ။ ကော်မရှင်က လေးစားစရာ မရှိတော့ ကိုယ့်ပါတီ အနေနဲ့ကတော့ တိုင်လည်း မတိုင်တော့ဘူး၊ ဘာမှလည်း ဒီပေါ်မှာ မမျှော်လင့်ထားဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်း ကပ်ပေးလိုက် ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာ ၁၁၅၇ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိနေသည်ဟု ဆိုကြောင်း ယင်းပါတီမှ တာဝန်ရှိသူတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့