..............................

Thursday, November 11, 2010

နိုင်ငံတကာဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားမည်

ထက်အောင်
Wednesday, 10 November 2010

ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပါက နိုင်ငံတကာ ဆက်ဆံရေးကို အဓိကထား လုပ်ဆောင် သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် နေပါတယ်။ သူပြန် လွတ်လာတဲ့အခါ ဒေသတွင်း နိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများနဲ့ သံတမန် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင် သွားမယ်လို့ သိရပါတယ်” ဟု NLD နှင့်နီးစပ်သော အမည် မဖော်လိုသူ တဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့်ကာလတလျှောက် စစ်အစိုးရနှင့်စပ်လျဉ်းသည့် နိုင်ငံရေးပြဿနာများသည် ထင်သာမြင်သာ ရှိနေပြီ ဖြစ်ကြောင်း၊ ယခုတခေါက် ပြန်လွတ်မြောက်သည့် အခါ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် ဆက်လက် ဆောင်ရွက်ရာတွင် နိုင်ငံ တကာ အသိုင်းအ၀န်းနှင့် ပိုမို ဆက်ဆံ ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အိမ်ကို နိုင်ငံရေးစုဝေးရာနေရာအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေး ဘ၀ကိုလည်း ခွဲခြားထားမည် ဖြစ်ကြောင်း၊ NLD မှ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ခေါင်းဆောင်များကိုလည်း ထိုကဲ့သို့ နေထိုင်ရန် အကြံပြု ကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် နီးစပ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၈ လ ကြာ နေအိမ်အကျယ်ချုပ် ချခံထားရရာမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်ရက် စေ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး လောကသို့ ၀င်ရောက်စဉ်က အသက် ၄၃ နှစ်သာ ရှိသေးသည်။ ထိုစဉ်ကတည်းက မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲအတွက် မနားမနေ ကြိုးပမ်းခဲ့သည်။ လွန်ခဲ့သည့် ၂၂ နှစ်တာ ကာလအတွင်း နေအိမ်တွင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်ဖြင့် ၃ ကြိမ် ချုပ်နှောင်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာပြီးနောက် ခရီးသွားလာခြင်းကို ချက်ခြင်းပြုလုပ်မည် မဟုတ်ဟုလည်း သိရသည်။

အကယ်၍ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်အစိုးရက ခြွင်းချက်မရှိ လွှတ်ပေးခြင်းမပြုပါက လက်ခံမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကား၍ Reuters သတင်းဌာနက ယနေ့ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပြီး ပြည်သူများကိုလည်း မဲမပေးဘဲ နေနိုင်သော အခွင့်အရေးကို အသုံးချရန် တိုက်တွန်းခဲ့သည်။ NLD ကလည်း ရွေးကောက်ပွဲအကြို ကာလ တလျှောက်လုံး မဲမပေးရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲထွက်ပေးမှုရာခိုင်နှုန်း နည်းပါးသည်ဟု လေ့လာသူများက သုံးသပ်ကြပြီး ထိုသို့ ဖြစ်ရခြင်းတွင် အကြောင်းရင်း ၂ ရပ် ရှိကြောင်း၊ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးကြရန် တိုက်တွန်းချက်နှင့် စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် မဲ အများအပြားကို မတရား ကောက်ယူထားခြင်း တို့ကြောင့် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့