..............................

Wednesday, July 8, 2009

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောကြား

မင်းနိုင်သူ / ၇ ဇူလိုင် ၂၀၀၉

အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက် အလက် အားလုံးကို နအဖ စစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီ ဖြစ်သည်ဟု အန်အယ်လ်ဒီ ပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာချက်တွင် အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင် ပေးရေးနှင့် အားလုံး ပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ၏ စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ဦးဝင်းတင်က “အခု မစ္စတာဘန်ကီမွန်း လာပြီးတောင်းဆိုတာတွေ ကလည်း အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေနဲ့ အခြေခံမူ အားဖြင့် အတူတူပဲ။ ဒါ့ကြောင့် သူ့ခရီးစဉ်အတွင်းမှာ အစိုးရဘက်က အားရ ကျေနပ်လောက်ဖွယ် ကောင်းတဲ့ လိုက်လျောမှုတွေ မရှိဘူးဆိုတော့ အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာချက်ကလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးဗျ။ ဘာမှ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ မရှိဘူး” ဟု ပြောသည်။

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲ ချမှတ်ရေးမှာလည်း ပါတီ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

“အန်အယ်လ်ဒီပါတီထဲမှာလည်း သဘောထား အနုအရင့် ကွဲပြား တာလေးတွေတော့ ရှိတာပေါ့လေ။ အဲဒါတွေကို ညှိနှိုင်းပြီးတော့ လုပ်ဆောင် ကြရမှာပေါ့။ ကျနော်ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အမှုတင် စစ်ဆေးပြီ ဆိုကတည်းက နအဖ အစိုးရက ရွှေဂုံတိုင် ကြေညာချက်ပါ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ရိုက်ချိုးလိုက်ပြီလို့ ကျနော်ပြောခဲ့တယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် အများ ယုံကြည် လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ အတွက် အဓိက တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ခရီးစဉ် မစတင်မီကပင် ပြောကြားခဲ့သည်။

ထိုကိစ္စများတင်ပြဆွေးနွေးရန် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံရန် (၂) ကြိမ်တိုင်တိုင် တောင်းဆိုသည်ကို ပယ်ချခံခဲ့ရသည်။ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင်လည်း လုံလောက်သည့် အချိန် မရရှိဘဲ အဓိက ပါတီကြီးဖြစ်သည့် အန်အယ်လ်ဒီနှင့် မိနစ် (၂၀) ခန့်သာ တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ဦးဝင်းတင်က “မစ္စတာ ဂမ်ဘာရီ လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပေးနိုင်ဘူးဆိုပြီး ကြိုပြောထားပြီးသားလို့ သတင်းစာမှာ ရေးတယ်ဗျ။ ဆိုတော့ မစ္စတာဘ န်ကီမွန်းအနေနဲ့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတင် စစ်ဆေးနေတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားတွေ ပိုများလာတဲ့ အတွက်ကြောင့်သာ မလာ မဖြစ် လာခဲ့ရတာလို့ ကျနော်ထင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

မစ္စတာဘန်ကီမွန်း၏ အများကယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂက အကူအညီ ပေးလိုပါသည် ဆိုသော ကမ်းလှမ်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီး ပြောသော အားလုံး ပါဝင်ခွင့် ရှိရေးနှင့် မစ္စတာဘန်ကီမွန်း ပြောသော အားလုံး ပါဝင်ခွင့် ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည် မဟုတ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက သာမန် အရပ်သားများ အတွက် ကန့်သတ် ထားတာတွေက အများကြီး ရှိနေတယ်။ တခြား လက်မခံနိုင်တဲ့ အချက်တွေလည်း အများကြီးပေါ့။ ဒါပေမယ့် အမြင်သာဆုံး ပြောရရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲ ၀င်လို့ မရအောင် လုပ်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အရေးကြီးတယ်လို့ ပြောနေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မစ္စတာဘန်ကီမွန်း၏ ဒုတိယရည်မှန်းချက်ဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အန်အယ်လ်ဒီ ဘက်က တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း အစဉ်အမြဲ ဖွင့်ထားသော်လည်း နအဖ စစ်အစိုးရက တက်လာခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆိုတာ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ကတည်းက ဒေါ်စုကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ခဲ့တဲ့ လမ်းကြောင်း။ ဒီလမ်းကြောင်းဟာ အခုထိ ရှိနေသေးတယ်” ဟု ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့