..............................

Thursday, July 9, 2009

မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 20 နာရီ 46 မိနစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးက ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရသည့် အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

ယခုလ ၃ ရက်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံ ခဲ့ရာတွင် အရေးကြီးသည့် အကြောင်း အရာ များကို ပြောဆိုဆွေးနွေးရန် အချိန်လုံလောက်မှု မရှိသည့်အပေါ် ယခုလို တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ၄ ယောက်စလုံးက လုံးဝ ကျေနပ် အားရမှု မရှိဘူးလို့ ပြန်ပြော ကြတယ်။ မစ္စတာ ဘန်ကီမွန်းကိုလည်း ဒီလို အရေးကြီးတဲ့ အကြောင်းအရာ တွေကို အပြန်အလှန် ပြောဆို ဆွေးနွေးဖို့ အချိန် မလုံလောက်ဘူးလို့ သူတို့ ပြောခဲ့တယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “ဟဲလို၊ ဘိုင့်ဘိုင် ပြောတာနဲ့တင် ၃-၄ မိနစ် ပြည့်သွားပြီလေ” ဟု ပြောသည်။

CEC အဖွဲ့ဝင်များထဲမှ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနှင့် ဦးလှဖေက မစ္စတာ ဘန်ကီမွန်းနှင့် ၁ဝ မိနစ်ကြာ သီးခြား ပြောဆိုခွင့်ရရှိရာ NLD က အချက် ၄ ချက် တင်ပြခဲ့သည်။

၎င်းအချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေး မှုများ ပြန်လည် အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ် ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲရန် အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လိုအပ်သည့် ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။

NLD ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် မစ္စတာဘန်ကီမွန်းက နှုတ်အားဖြင့် တစုံတရာ ပြန်လည် တုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း ခေါင်းညိတ်၍သာ နားထောင်ခဲ့ကြောင်း သိရသည်။

“အဖွဲ့ချုပ်က ပြောချင်တဲ့အချက်လေးတွေ ပြောခွင့်ရခဲ့ပေမယ့် အပြန်အလှန် ဆွေးနွေးဖို့ အချိန် မရခဲ့ပါဘူးလို့ CEC တွေက ပြန်ပြောပြတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုလ ၃ ရက်နှင့် ၄ ရက်နေ့တွင် နှစ်ရက်ကြာ နေထိုင်သွားသည့် ကုလ အတွင်းရေးမှူး ချုပ်သည် သူ၏ ခရီးစဉ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို ခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး၊ NLD ဗဟို အလုပ်အမှုဆောင် ၄ ဦးနှင့်သာ တွေ့ဆုံခွင့် ပေးခဲ့သည်။

NLD ခေါင်းဆောင်များက ယခုလ ၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိသွားပြီး၊ ၃ ရက်နေ့တွင် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့ကာ၊ ၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကုလအတွင်းရေးမှူး ချုပ်၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ တွေ့ဆုံခွင့်ရခဲ့သူ ပါတီခေါင်းဆောင် ၄ ဦးက ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ရာ နိုင်ငံခြား သံရုံး တချို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မစ္စတာဘန် ခရီးစဉ်နှင့် ပတ်သက်၍ ပါတီ၏ သဘောထား ကြေညာချက် တရပ်ကို မနက်ဖြန်တွင် ထုတ်ပြန် သွားမည့် အကြောင်း ပါတီ (ဗဟို) ၏ ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယခုခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် အောင်မြင်မှု မရှိသော ခရီးစဉ်အဖြစ် မြန်မာ့အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း၊ မစ္စတာ ဘန်ကမူ အောင်မြင်မှု ရှိ၊ မရှိကို ထိုအချက် တချက်တည်းဖြင့် မပြောဆိုနိုင်ကြောင်း ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့