..............................

Friday, July 10, 2009

မဲကသာတောအတွင်း ကေအန်ယူ နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

ရိုင်မရော့
Thu 09 Jul 2009,

ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ် လမ်းခွ တစ်နေရာတွင် ရှိသော ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၆) ယာယီ စခန်းတစ်ခုကို ယမန်နေ့ည (၈) နာရီခွဲကျော်၌ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့က ဝင်ရောက် ပစ်ခတ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် (၁၀) မိနစ် ဝန်းကျင်အတွင်း ဒီကေဘီအေ ဘက်မှ တပ်သား နှစ်ဦး ကျဆုံးသွားပြီး၊ ကေအန်ယူ (KNU) ဘက်မှ တပ်သား အိပ်မည့်နေရာကို ပြောင်းရွေ့ ထားသည့် အတွက် တစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရရှိပေ။

“အဲဒီတိုက်ပွဲမှာ လက်နက်ငယ်သာ မကဘူး၊ လက်နက်ကြီးတွေ ဖြစ်တဲ့ (RPG) နဲ့ (79) ကျည်သံတွေ ကိုလည်း နှစ်ချက်ကြားရတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသည့် အနီးနားရှိ ရွာသား တို့က ပြောသည်။ ၄င်းတို့ တိုက်ပွဲ ဖြစ်ပွားရာနေသည် ဘုရားသုံးဆူမြို့မှ (၁၂) ကီလိုမီတာ သာသာရှိပြီး၊ ချောင်းဆုံ၏ မြောက်ဘက်ပိုင်း (၅) ကီလိုမီတာ ဝေးသည်။

ကေအန်ယူ တပ်မဟာ (၆) ယာယီစခန်းကို ဒီကေဘီအေ (DKBA) ကလိုထူးဖော လုံခြုံရေး တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှုး စောအေဝမ်း နှင့် ကလိုထူးဖော ဗျုဟာစီးပွားရေး တာဝန်ခံ ဗိုလ်မှူး စိုးမိုးတို့က ဝင်ရောက် တိုက်သည်။

“ကျနော်တို့ ယခုလို စစ်မျက်နှာပြင်အသင့်အနေအထားကို ပြင်ထား ရတာဟာ နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ ထိုးစစ်ဆင်တာကြောင့် ကျနော်တို့ တပ်ရင်း (၁၇) အသိမ်းခံရတယ်၊ အခုလည်း တပ်မဟာ (၆) ကို ဝင်တိုက်မယ်ဆိုတော့ ကျနော်တို့က တိုက်ဖို့ အသင့်ပြင် ထားရတယ်” ဟု ကေအန်ယူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒီကေဘီအေ တပ်ရင်းမှ တပ်သားတို့က မဲကသာဒေသရှိ ရွာသား နှစ်ဦးကို ပေါ်တာ ဆွဲခဲ့သည်ဟု အသက် (၅၂) အရွယ် ရွာခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမှာ ဒီကေဘီအေဘက်က နှစ်ယောက် ကျသွားတယ်လို့ ကျနော်တို့ ကြားတယ်၊ ကေအန်ယူ ဘက်မှာတော့ အကျအဆုံး ရှိ မရှိ ဆိုတာကို မသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

အရင်က တပ်ရင်းတရင်းတွင် တပ်သား ၃၀ ကျော်ရှိရာမှ တိုက်ပွဲကြောင့် ခလရ (၃၂) တပ်ရင်း စစ်ကြောင်း (၁)၊ (၂) နှင့် ခမရ (၃၅၆) တပ်ရင်း (၁) (၂) တို့ နှစ်ရင်းရှိရာ တပ်ရင်း တစ်ရင်းအတွက် တပ်သား (၁၂၀) နှင့် (၁၃၀) ကြား ထားရှိလာသည်။

၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ရွာသူရွာသား တို့က ရွာပြင် ထွက်ပြီး အလုပ်လုပ်ခြင်း၊ တောထဲတွင် သွားရောက် လုပ်ကိုင်ခြင်းကို မည်သူ တစ်ဦး တစ်ယောက်မှ မသွားရဲဘဲ၊ နအဖ စစ်တပ်တို့က ပေါ်တာဆွဲမည်ကို ကြောက်ရွံ့ နေကြသည်ဟု ကေအန်ယူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လှေသမားတို့၏ပြောပြချက်အရ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ မြိုင်သာယာ အနားမှာ ရှိနေသည့် (KNLA) သက်ကယ် ဂိတ်ကို သိမ်းလိုက်သည့် အတွက် “ကျနော်တို့ လှေသမား အတွက် တစ်ဂိတ် လျော့သွားတော့ ငွေလည်း ၁၅၀၀၊ ၂၀၀၀ ပေးရတာ သက်သာတာပေါ့၊ နိုင်ငံရေး ပဋိပက္ခတွေ မသိဘူး၊ ပိုက်ဆံပေးရတာ သက်သာတာပဲ သိတယ်” ဟု သူကပြောသည်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေအတွင်း သစ်ထုတ်လုပ်သူများ တဲသုံးလုံး နေရာတွင် ကေအန်ယူ တပ်တို့ အခြေချ နေသည်ကို နအဖတပ်တို့ လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ကေအန်ယူဘက်မှ တပ်သား အများဆုံးပါလျင် (၁၀) ယောက်ကျော် သာပါ ဝင်ပြီး၊ နအဖဘက်မှ တပ်သား တပ်ရင်း တစ်ရင်းစာ ပါဝင်ကြောင်း ၄င်း ဘုရားသုံးဆူ မြို့ခံက ပြောသည်။

နအဖနှင့် ဒီကေဘီအေ တပ်တို့ ပူပေါင်းထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြင့် ကေအန်ယူ တပ်မဟာ (၇) တပ်စခန်း အတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်ပြည်နယ် တောင်ဘက်ပိုင်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ မြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ် အတွင်းမှာ ရှိနေသည့် ကေအန်ယူ တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၅)ကို ထိုးစစ်ဆင်ဖို့ အတွက် ပြင်ဆင်နေ ကြသည်ဟု (BBC) မြန်မာ သတင်းဌာနက ဖော်ပြသွားပါသည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

0 comments:

အပေါ်သို့