..............................

Tuesday, July 7, 2009

ဂျိုင်းတံတားပျက်စီး ယိုယွင်းမှုကြောင့် ကုန်ဈေးနှုန်းများ တက်

NEJ / ၆ ဇူလိုင် ၂၀၀၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင် ဂျိုင်းတံတား (ကော့ကရိတ်) ယိုယွင်း လာသောကြောင့် တန် (၂ဝ) အောက် ကားများကိုသာ ဖြတ်သန်းခွင့် ပြုသည့် အတွက် ကုန်စည် စီးဆင်းမှု နှောင့်နှေးကာ ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဘားအံ-မြဝတီ ကုန်သည်များက ပြောသည်။

ဂျိုင်းတံတား (ကော့ကရိတ်) သည် ရန်ကုန်-ဘားအံ-မြဝတီ-မဲဆောက် ကားလမ်းပေါ်တွင် တည်ရှိပြီး ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွင် အရေးပါသည့် လမ်းပေါ်ရှိ တံတားတခု ဖြစ်သည်။

တံတားတာဝန်ကျဝန်ထမ်းတဦးက “ကြိုးတံတားကြီးဟာ စောင်းနေပြီ။ လေးပင်တဲ့ ကားကြီးတွေ ဖြတ်ရင် စောင်းပြီး လိမ်ပြီး ပြတ်ကျသွားမယ့် အန္တရာယ် ရှိနေတယ်။ ပြီးခဲ့တဲ့ (၂) ပတ် နေပြည်တော်က အင်ဂျင်နီယာ အဖွဲ့ ဆင်းလာပြီး စစ်တယ်၊ တံတား အခြေအနေ မကောင်းဘူး ဆိုပြီး တန် (၂ဝ) အောက် ကားတွေကိုပဲ ဖြတ်သန်းခွင့် ပြုဖို့ ညွှန်ကြား သွားတယ်” ဟု ပြောသည်။

မူလက တံတားကြီးပေါ်တွင် တန် (၆၀) အောက်ကားများ ဖြတ်သန်း၍ ရသော်လည်း တံတား တည်ဆောက်ရာတွင် အင်ဂျင်နီယာပိုင်း ဆိုင်ရာ အားနည်းချက်များ ရှိပြီး တံတား တာဝန်ကျများက ညပိုင်းတွင် လာဘ်ငွေယူပြီး တန် (၆ဝ) အထက် ကားများကို ညအချိန် ဖြတ်သန်းခွင့် ပေးခဲ့သည့် အတွက် ယခုကဲ့သို့ တံတား ပျက်စီးလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

(၁၂) ဘီးကားများနှင့် ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်သို့ ကုန်စည်များ တင်သွင်း နေသည့် ကုန်သည် တဦးကလည်း ကော့ကရိတ် တံတား ရောက်သည်နှင့် ကားပေါ် ပါလာသည့် ပစ္စည်းများကို ထော်လာဂျီနှင့် အခေါက်ခေါက်တင်ပြီး တံတားကို ဖြတ်ရကြောင်း ပြောသည်။

၎င်းက “ကားပေါ်မှာ ပစ္စည်းတွေ ကုန်သလောက်နီးပါး ဖြစ်မှ တန် (၂ဝ) အောက် အဖြစ် ဖြတ်သန်းခွင့် ရတယ်။ နောက် တံတားတဖက်ကို ပြန်ရောက်မှ စုပုံထားတဲ့ ပစ္စည်းတွေကို ကားပေါ် ပြန်တင်ပြီး ခရီး ဆက်ရတယ်။ ဒီလမ်းမှာ ကုန်ကားတွေ အများကြီးရှိလို့ ယာဉ်ကြော ပိတ်ဆို့ပြီး ပစ္စည်း ကဲ့ရတာ အချိန် အတော်ကြာတယ်။ ဒီအတွက် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ခတွေ ကြီးမြင့် လာတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်-ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်ရှိ ကော့ကရိတ်-မြဝတီ ကားလမ်းသည် ဒေါနတောင်တန်း ပေါ်တွင် ဖြတ်သန်း ဖောက်လုပ်ထားပြီး လမ်းကျဉ်းသည့် အတွက် ကားများသည် အတက်တနေ့ အဆင်းတနေ့ တလှည့်စီ မောင်းကြရသည်။

အဆိုပါလမ်းသည် စစ်ဆေးရေး ဂိတ်များပြီး လာဘ်ငွေတောင်းအများဆုံး လမ်းဖြစ်သည်ဟု လည်း ကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံက ကော့ကရိတ်-မြ၀တီကားလမ်းကို နှစ်လမ်းသွား အဖြစ် ဖောက်လုပ် ပေးနေသော်လည်း ပြီးစီးခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ်လမ်းမှ တံတားများ၊ ရန်ကုန်-ဘားအံ-မြဝတီလမ်းမှ တံတားများသည်လည်း ပျက်စီး ယိုယွင်းလျက်ရှိပြီး မကြာခဏ ပြင်ဆင် ရသောကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ ရှိကြောင်းလည်း သိရသည်။

ယခု ဂျိုင်းတံတား (ကော့ကရိတ်) ကို နဝတ စစ်အစိုးရ လက်ထက်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး (၁ဝ) နှစ် ဝန်းကျင် အတွင်း ပျက်စီး ယိုယွင်း လာခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့