..............................

Thursday, July 9, 2009

ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး၊ ရေဘေး ဒုက္ခသည်များ အခက်ခဲ ကြုံနေရ

NEJ / ၈ ဇူလိုင် ၂၀၀၉

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဇူလိုင် (၅) ရက်က စတင်၍ ဒေသတခုလုံး ရေကြီးခဲ့ရာ လူ အများအပြား သေဆုံးပြီး အိုးအိမ် အမြောက်အမြား ရေနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ ယနေ့ အချိန်အထိ မပြုလုပ်သေးကြောင်း ဒေသအတွင်းက လာသည့် သတင်းများအရ သိရသည်။

ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျ သွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိ နေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့် ကိုယ်သာ ရှင်းလင်း နေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေး ကယ်ဆယ်ရေး အကူအညီ ယခုချိန်ထိ ရောက်ရှိ မလာသေးကြောင်း ဖားကန့်မြို့ခံ တဦးက ပြောသည်။

၎င်းက “စည်ပင်သာယာက အခုလောလောဆယ် ရေပေါ်မျောလာတဲ့ အလောင်း ကောက်တာ လောက်ပဲ လုပ်သေးတယ်။ သူတို့ချည်းနဲ့ မရလို့ ကုမ္ပဏီတွေက လူလွှတ်ပေးပြီး ဝိုင်းကူ လုပ်နေရတယ်။ စားဖို့သောက်ဖို့က ကိုယ့်အသိမိတ်ဆွေ အချင်းချင်း ဝေငှ စားသောက်နေရတယ်။ မုန့်နှစ်ထုပ်စီ ရယက ထုတ်ပေးတယ်လို့ ပြောတယ်။ လိုက်ဝေတာ မဟုတ်ဘူး။ ကိုယ်က သွားယူရတာ။ မြစ်ကြီးနား၊ မိုးကောင်းဘက်က ကယ်ဆယ်ရေးတွေလည်း ရောက်မလာပါဘူး။ ပိုက်ဆံရှိတဲ့ သူတွေဆီက ငွေတွေ ကောက်နေတယ်လို့ ကြားတယ်။ အခုထိ ဘာအကူအညီမှ မရသေးဘူး။ ထမင်း မစားရတဲ့သူနဲ့၊ သောက်ဖို့ ရေမရှိတာနဲ့၊ အိပ်စရာ နေရာ မရှိတာနဲ့ ဒုက္ခမျိုးစုံ ကြုံနေရတယ်” ဟု ပြောသည်။

မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့ သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်း ဖြစ်သည်။

“ဥရုချောင်းအနောက်ဘက်ခြမ်း ဖားကန့်တခုတည်းမှာ အခုထိ လူပေါင်း (၁ဝဝ) ကျော် သေဆုံးခဲ့တယ်။ အလောင်းတွေက မြေအောက်မှာ ကျန်နေသေးတယ်။ ဥရုချောင်း အရှေ့ခြမ်းက မရှီးကထောင်း၊ ဆိုင်းတောင်တို့ဆို ရေအောက် ရောက်သွားပြီ။ ဖားပြင်၊ မံမုံဆိုလည်း အိမ်တွေ မြုပ်ကုန်ပြီ။ အဲဒီဘက်မှာ ဘယ်လောက် သေတယ်ဆိုတာ မသိနိုင်သေးဘူး။ တနေရာနဲ့ တနေရာ သွားဖို့ အတော် ခက်နေတယ်။ ဆေးရုံမှာ လူ (၇ဝ) လောက် မြေပြိုလို့ ဒဏ်ရာရတာတွေ တင်ထားရတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်နေပြီ။ သောက်သုံးရေ မသန့်လို့ ထင်တာပဲ။ ဆေးရုံမှာ လူနာတွေ ပြည့်နေလို့ ဆရာ၊ ဆရာမတွေလည်း မနားရဘူး။ အပြင် ဆေးခန်းမှာလည်း ဝမ်းလျှောတဲ့ သူတွေနဲ့ ပြည့်နေတာပဲ” ဟု အဆိုပါ ဖားကန့်မြို့ခံက ပြောသည်။

ဖားကန့်၊ တာမခံကျောက်စိမ်းတွင်းဒေသတွင် ယခုကဲ့သို့ ရေကြီးမှုမျိုး ယခင်က မရှိခဲ့သော်လည်း နဝတ တက်လာပြီး နောက်ပိုင်း အကျိုးတူ ဖက်စပ်လုပ်များ ပေါ်ပေါက်လာချိန်တွင် ခေတ်မီ စက်ယန္တရားများနှင့် တောင်များ ဖြိုခြင်း၊ ဥရုချောင်းအား သဲအိမ်များဖြင့် တားဆီးပြီး ရေလမ်းကြောင်း ပြောင်းခြင်း၊ မြေအောက်သို့ ဥမင်လိုဏ်များ ဖောက်ခြင်း စသည့်နည်းများဖြင့် ကျောက်စိမ်းများ ရှာဖွေခဲ့ပြီး အဆိုပါ ကျောက်တူးရာမှာ ထွက်ရှိသည့် မြေစာများအား အနီးဝန်းကျင်တွင် စုပုံထားသည့်အတွက် မိုးကြီးလာပါက မြေစာပုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေသည်။

Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့