..............................

Wednesday, July 8, 2009

မစ္စတာဘန်ကီမွန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ

Tuesday, 07 July 2009 18:27

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောဆိုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်း ကောက်နုတ်ချက်များ

၂၀၀၉ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ရန်ကုန်မြို့



လေးစားအပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနှင့် လုပ်ဖော် ကိုင်ဖက်များ၊ လူကြီးမင်းများ ခင်ဗျာ..

ယခုခရီးစဉ်ဟာ တနှစ်ကျော်ကာလ အတွင်း ကျနော့်ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ခရီးစဉ် နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့ အချိန်များမှာ လာရောက်ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ ပထမခရီးစဉ်ကတော့ ဆိုင်ကလုန်မုန်တိုင်း နာဂစ် တိုက်ခတ်ပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့ အသက်ပေါင်း များစွာ သေကြေပျက်ဆီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီ သဘာဝ ဘေးဒုက္ခကြီးဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာကြီးကလည်း ရက်ရက် ရောရော တုန့်ပြန်ခဲ့ပါတယ်။

မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ အံ့သြစရာ ကောင်းလောက်အောင် ကြိုးပမ်းအား ထုတ်ခဲ့ကြတဲ့ အတွက် ယခု တက်ရောက်လာကြသူ အားလုံးကို ကျနော့် အနေနဲ့ အထူး ကျေးဇူး တင်ရှိပါတယ်။

လူကြီးမင်းတို့ဟာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ လူ ထောင်ပေါင်း များစွာအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပြန်လည် ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ လူ့အဖွဲ့ အစည်းကို ပြန်လည်ရှင်သန် နိုးကြားစေခဲ့ပါတယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အာရှတိုက်သား တဦးအနေနဲ့ကော၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ပါ ဆိုင်ကလုန်း နာဂစ်ရဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကျတော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။

ကျွန်တော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ပထမ အထွေထွေ အတွင်းရေးမှူး ချုပ်ကတော့ မြန်မာနိုင်ငံက ဦးသန့်ပါ။ ကျွန်တော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက် တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင် ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည် အောင့်မေ့ မိပါတယ်။

ဦးသန့်က `လူသားတဦးရဲ့ တန်ဖိုးဟာ တန်ဖိုး ထားအပ်သမျှ အရာ အားလုံးထဲမှာ တန်ဖိုး အရှိဆုံး ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ကြိုးပမ်း အားထုတ်မှုများရဲ့ အစလည်း ဖြစ်သလို အဆုံးလည်း ဖြစ်ပါတယ်။

အစိုးရများ၊ စံနစ်များ၊ အတွေး အခေါ် အယူအဆများနဲ့ အဖွဲ့အစည်းများဟာ ဖြစ်တည်ပြီး ပျက်ဆီး နိုင်ပါတယ်။ သို့ပေမယ့် လူသားမျိုးနွယ် ကတော့ ဆက်လက် တည်ရှိ နေပါလိမ့်မယ်´ လို့ ပြောခဲ့ပါတယ်။

ကျနော် အခုလို ပြန်လည် လာရောက်ရခြင်း အကြောင်းရင်းက အဲဒါကြောင့်ပါ။

အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေ သူတို့ မျှော်လင့်တောင့်တ ပိုင်ခွင့်ရှိတဲ့ အရာတွေကို ရရှိနိုင် စေဖို့အတွက် အကူအညီ ပေးရမယ့် ကိစ္စဟာ အရေးအကြီးဆုံး လုပ်ငန်း တရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ ဘ၀တွေနဲ့ လူ့ ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက် နေခြင်းဟာ ရွေးချယ်ထားတဲ့ နည်းလမ်းတခု မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ တာဝန် ၀တ္တရားသာ ဖြစ်ပါတယ်။

အခု ကျွန်တော် မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ ကုလသမဂ္ဂက မြန်မာ ပြည်သူတွေအပေါ် ထားရှိတဲ့ မယိမ်းယိုင်တဲ့ သံန္နိဌာန်ကို ပြသဖို့ အတွက် ဖြစ်ပါသည်။

ဒီနေ့ ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ မြန်မာပြည်သူများ ခင်ဗျား ခင်ဗျားတို့ဟာ အထီးကျန် နေသူများ မဟုတ်ပါဘူး။
စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာ ၀ပြောတဲ့ ခေတ်သစ် ဒီမိုကရေစီ မြန်မာ နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့ အတူတကွ ကျနော်တို့လည်း ပါဝင်ချင်ပါတယ်။ ဆင်းရဲမွဲတေ မှုကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ အတွက် ခင်ဗျားတို့ကို ကျနော်တို့ ကူညီချင်ပါတယ်။

မြန်မာနိုင်ငံဟာ လေးစားထိုက်ပြီး တာဝန်သိတတ်တဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်း ကြားမှာ ရပ်တည်လာနိုင်စေဖို့ ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူ ဆောင်ရွက်ချင်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုတို့ ရရှိစေဖို့ အတွက် ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူတကွ ဆောင်ရွက်ချင်ပါတယ်။

သို့ပေမယ့် ကျွန်တော်အလေးအနက်ထား ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိဘဲ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို မရရှိနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ချွင်းချက်မဟုတ်ပါဘူး။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

စိန်ခေါ်မှုတွေကတော့ အများအပြားရှိနေပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေဟာ ဖြေရှင်း မရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းသာယာတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ ကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ ဆိုတာ အလွန် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တခု ဆိုတာကို အတွေ့ အကြုံ တွေကတဆင့် ကျနော်တို့ သိရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘယ် ပြဿနာရပ်မဆို ၎င်းတို့ ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့ အခွင့်အရေးတွေဟာ တခုနဲ့တခု အပြန်အလှန် နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။

အဲဒီ ပြဿနာရပ်တွေကို တန်းတူအလေးထား ဖြေရှင်းဆောင်ရွက်ဖို့် ပျက်ကွက် တာဟာ ဒီမိုကရေစီ၊ အရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝ ချမ်းသာခြင်းတို့ အတွက် အလားအလာတွေကို ဆိတ်သုဉ်းအောင် လုပ်နေသလို အန္တရာယ် ရှိပါတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အမှန်တကယ် စိတ်ဆန္ဒ ရှိမည်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မည်ကို ကျွန်တော်တို့လည်း သိရှိပါသည်။

ယနေ့အခါသမယတွင် မေးရမည့်မေးခွန်းမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် လူ့ အခွင့်အရေးများကို အပြည့်အ၀ လေးစား လိုက်နာရေးတို့ အတွက် မြန်မာနိုင်ငံသည် အချိန် မည်မျှကြာကြာ စောင့်ဆိုင်းရန် တတ်နိုင်ပါသေး သနည်း။

နှောင့်နှေးကြန့်ကြာခြင်းအတွက် ပေးဆပ်ရမှုတွေ ကတော့ ပြည်သူတို့ရဲ့ ဘ၀တွေ အချည်းအနှီး ဖြစ်ခြင်း၊ အခွင့်အလမ်းများ ဆုံးရှုံးခြင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက ကာလကြာရှည် ဖယ်ကျဉ် ထားခြင်းတို့ ဖြစ်ပါလိမ့်မယ်။

ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အချက်ကတော့ မြန်မာပြည်သူ အားလုံးဟာ အမျိုးသား အကျိုးစီးပွား အတွက် လုပ်ဆောင်ရမည် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို ရွေးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေကို မနေ့က တွေ့ဆုံစဉ်က ဒီအချက်ကို ကျနော် ပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ဒီ အဖွဲ့အစည်းတွေက သံန္နိဌာန်ချ ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓိကတာဝန်ရှိသူကတော့ မြန်မာ အစိုးရဖြစ်ပြီး တိုင်းပြည်ကို သူတို့ ဖော်ပြထားခဲ့တဲ့ ရည်မှန်းချက်တွေ ဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး ဆီကို ခေါ်ဆောင် သွားသင့်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ စွမ်းရည်တွေကို အပြည့်အ၀ သိနားလည် စေခြင်းက တားဆီး ပိတ်ပင်ထားရာလည်း ရောက်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေကို လူ့ဂုဏ် သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး၊ ပိုမို ကျယ်ပြန့်တဲ့ လွတ်လပ်မှုနဲ့အတူ ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း ရရှိစေဖို့ ငြင်းဆန်တာနဲ့ တူတူပါပဲ။

ဒီလို မူဝါဒ စည်းမျဉ်းများဟာ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ အခြေခံ ကြောရိုးဖြစ်ပြီး ဒီစာတမ်းရဲ့ ပထမဆုံး စကားလုံး ကတော့ `ကျွန်ုပ်တို့ ပြည်သူများသည်´ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီလို မြင့်မြတ်တဲ့ ဝေါဟာရကို ထပ်တူ ဖော်ပြထားခဲ့ပါတယ်။ ဒီ မူဝါဒစည်းမျဉ်းတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း အသေအချာ ထည့်သွင်းထားဖို့ ကျနော်တို့ အတူတကွ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒီအချက်ကို အလေးအနက်ထားပြီး သတင်းစကား သုံးခုကို ကျနော် သယ်ဆောင် လာခဲ့ပါတယ်။

ပထမသတင်းစကားကတော့ လူသားရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ဘယ်ရပ် ဒေသမှာ မဆို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြိုတင် လိုအပ်ချက်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုး ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဦးဆုံး အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်မှုကို လေးစား လိုက်နာခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှု များအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ် ဆိုတာကို အားလုံးရဲ့ သဘောဆန္ဒနဲ့ အဲဒီကြေညာချက်က အာမခံထားပါ တယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အဲဒီ ကတိ က၀တ်က လက်တွေ့ လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေအဖြစ် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တွေကို ရှင်းရှင်းလင်းလင်း ပြောဆို ထားခဲ့ပါတယ်။

လာမည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ တခု ဖြစ်ချင်ရင် အဖွဲ့အစည်း အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့၊ အများပူးပေါင်း ပါဝင် လုပ်ဆောင်နိုင်ဖို့ ထင်သာမြင်သာ ရှိဖို့ ဆောင်ရွက် ပေးရပါမယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ လူအခွင့်အရေးကို လေးစား လိုက်နာမှု အပေါ်မှာ အခြေတည်ရပါမယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ ပြန်လည် လွှတ်ပေးသင့်တယ်လို့ ကျနော် ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့်ပေးဖို့ ကျနော် တောင်းဆို ခဲ့ပါတယ်။ သူက ငြင်းဆန်လိုက်တဲ့ အတွက် ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သူတို့ရဲ့ သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံး အခွင့်အလမ်း တခုကို မြန်မာအစိုးရ လက်လွှတ် ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်ထိုက်ခြင်း ရှိမရှိဆိုသည့် အချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီအချက်ဟာ မရှိမဖြစ် အရေးကြီးတဲ့၊ အစိုးရရဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသရမယ့် အရေးကြီး သင်္ကေတ တခု ဖြစ်ပါလိမ့်မယ်။

နောက်ထပ် အချိန်ဆွဲမနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဖြစ်စဉ်တွေထဲမှာ ပါဝင် ဆောင်ရွက်ခွင့် ပေးဖို့ ခွင့်ပြု ရပါမယ်။
အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံသား အားလုံးကို ဤတိုင်းပြည်၏ အနာဂတ် အကျိုးအတွက် အပြည်အ၀ ပံ့ပိုးကူညီ ဆောင်ရွက်ပိုင်ခွင့် ပေးရပါမည်။

ဒီလို ပံ့ပိုးကူညီချင်သူ အားလုံးနဲ့ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်နိုင်ခြင်း မရှိဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မှာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ ပါတီတွေအားလုံး၊ တိုင်းရင်းသားအုပ်စု အားလုံးနဲ့ လူနည်းစု လူမျိုးအားလုံး ပါဝင်တဲ့ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်တခုကို မြန်မာနိုင်ငံက စတင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွတ်လပ်စွာ ပါဝင် ငြင်းခုံပိုင်ခွင့် ရှိရပါမယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်ထဲ မှာ မြန်မာပြည်သူတွေ အဓိပ္ပာယ်ရှိရှိနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုတဲ့ သတင်း အချက်အလက် တွေကို လွတ်လပ်စွာ ရယူခွင့် ရှိရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အသွင်ကူပြောင်းတဲ့ ကာလတိုင်းဟာ ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် ဘုရင်နိုင်ငံမှသည် အသိမ်းပိုင်ခံ ကိုလိုနီနဲ့ ယခုအခါ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ အဖြစ် အသွင် ကူပြောင်းရေး ကာလများကို ကြုံတွေ့ခဲ့ဖူး ပြီးဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေး ထွက်ပေါက် မရှိခြင်းဆိုတဲ့ အမွေနှစ်ရပ်ကို သယ်ဆောင် ခဲ့ပါတယ်။ နိုင်ငံရေး ထွက်ပေါက်မရှိခြင်း ဆိုတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှု၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်မှုနဲ့ ဒီနေ့ အချိန်အထိ ဆက်လက် ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နှင်းမှု စတဲ့ မကြာသေးခင်က စိတ်ထိခိုက် စရာကောင်းလှတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ အသိအမှတ်ပြုသင့်တဲ့ အပြုသဘော ကြိုးပမ်းအားထုတ်မှု တချို့လည်း ရှိခဲ့ပါတယ်။

ခိုင်မြဲခြင်းမရှိသေးပေမယ့် အစိုးရနဲ့ လက်နက်ကိုင် အုပ်စုတွေအကြား အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် တွေဟာ ပဋိပက္ခတွေကို လျော့ပါး စေခဲ့ပါသည်။ ဒီလို ရလဒ်တွေ နောက်ကြောင်းပြန် မသွားစေဖို့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂဟာ အတွေ့အကြုံ အများအပြား ရှိခဲ့ပါတယ်။

အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကို လေးစားခြင်းနဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုတာဟာ အစိုးရတိုင်းရဲ့ တရား မျှတတဲ့ စိုးရိမ်မှုတွေ ဖြစ်ပါတယ်။

နိုင်ငံရေးမျက်နှာစာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမယ် ဆိုရင် အုပ်စုတိုင်း၊ လူတဦးချင်း တိုင်းဟာ ပိုမိုကြီးမားတဲ့ အားလုံး စုပေါင်း လုပ်ဆောင်တဲ့ လုပ်ငန်းတခုရဲ့ အစိတ်အပိုင်း ဖြစ်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်ခြင်း ဟာလည်း အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာ ပြောချင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထု အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ သားကောင်း သမီးကောင်းတိုင်း တိုင်းပြည်ရဲ့ အသွင် ကူပြောင်းရေးမှာ အခန်းကဏ္ဍ တရပ်က ပါဝင်ရပါမယ်။

အပြန်အလှန် အပေးအယူ ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုရှိခြင်း တို့ကသာလျင် ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တို့အတွက် အခြေခံ အုပ်မြစ်များကို ချပေးနိုင်ပါတယ်။

ကျနော့်ရဲ့ ဒုတိယသတင်းစကားကတော့ မြန်မာပြည်သူတွေရဲ့ လူသားချင်း စာနာထောက်ထားတဲ့ လိုအပ်ချက်တွေကို ဖြေရှင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေကို တခေါက် ပြန်လည် လာရောက် ကြည့်ရှုခွင့်ရ တဲ့အတွက် ကျနော် ၀မ်းသာပါတယ်။ လူပေါင်း ၁၃၀၀၀၀ လောက် သေကြေခဲ့တဲ့ ဆုံးရှုံးမှုကြီးဟာ အလွန် ၀မ်းနည်း ကြေကွဲစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေ့ ကျနော် မြင်တွေ့ခဲ့ရတဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများဟာ အံ့သြစရာ ကောင်းလှပါတယ်။

ဒီ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည် စွမ်းအားကို ပြသခဲ့ပါတယ်။ ဒါ့ အပြင် ကမ္ဘာ တလွှားမှာရှိတဲ့ ပြည်သူတွေကလည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြသခဲ့ပါတယ်။

ခြုံပြောရမယ် ဆိုရင် ဆိုင်ကလုန်း နာဂစ် သဘာဝ ဘေးဒုက္ခအပေါ် အရေးယူ တုန့်ပြန် ဆောင်ရွက်မှုဟာ အထီးကျန် ဖြစ်နေခြင်းကို ကျော်လွှားနိုင်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ တန်ဖိုးကို သက်သေ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အလှူရှင်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံ အသင်းကြီးတို့ရဲ့ သုံးပွင့်ဆိုင် အဖွဲ့ကတဆင့် အရင်က မရှိခဲ့ဘူးတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို တွေ့ရပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အလွန်အရေး ကြီးသော လုပ်ငန်းတွေဟာ အချုပ်အခြာ အာဏာဆိုတဲ့ စည်းမျဉ်း သဘောတရားနဲ့ ဆန့်ကျင်ခြင်း မရှိဘူး ဆိုတာကို ပြသခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီ တွေဟာ နိုင်ငံရေးအရ ထည့်သွင်း စဉ်းစားမှုတွေမှာ ဓားစာခံ မဖြစ်သင့်ပါဘူး။ လူသားချင်း စာနာတဲ့ အထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့ တို့ကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ပြည်သူအားလုံး ရရှိနိုင်စေဖို့ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားနိုင်ပါတယ်။ တကယ်လည်း ပူးပေါင်း လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီအချက်ဟာ ကျနော့်ရဲ့ တတိယမြောက် သတင်းစကားကို သယ်ဆောင်ဖို့ ဖြစ်စေခဲ့ပါတယ်။ ခုအချိန်ဟာ မြန်မာ နိုင်ငံအတွက် စီးပွားရေးစွမ်းအင် တွေကို လွတ်လပ်စွာ အစွမ်းကုန် မောင်းနှင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေးစန်းပွင့်မှု အလယ်မှာ ရှိနေပါတယ်။ နိုင်ငံရဲ့ ပတ်လည်က အလျင်အမြန် တိုးတက်နေတဲ့ လမ်းကြောင်းထဲ မြန်မာနိုင်ငံကို ထိန်းကျောင်း မောင်းနှင် သွားမယ်ဆိုရင် ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမယ့် အသေချာဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ပြင်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးတဲ့ မြန်မာ အစိုးရရဲ့ မူဝါဒကို ကျွန်တော် ကြိုဆိုပါ တယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ အောင်မြင် ပြည့်မီစေဖို့ ကြိုးပမ်း အားထုတ်မှုတွေ၊ HIV ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးတွေ၊ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချ ရေးတို့မှာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှာ ပြည်သူ သန်းပေါင်းများစွာ ဆင်းရဲ မွဲတေမှုထဲ ဆက်လက် နေထိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းဟာ အာရှတိုက်၏ အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
မြန်မာပြည်သူတွေဟာ အလုပ်အကိုင်နဲ့ အစားအစာ အတွက်၊ လုံခြုံမှုနဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေ အတွက် လိုအပ် နေပါတယ်။

မြန်မာပြည်သူတွေဟာ ဒေသတွင်းနဲပ ကမ္ဘာ့ စီးပွားရေးက အကျိုးအမြတ်တွေ ရရှိခံစားနိုင် သလို ပံ့ပိုး ကူညီမှုတွေ လုပ်နိုင် စေဖို့ ကျနော်တို့ အတူလက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံ ကနေ ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာကြီးက အကျိုးကျေးဇူး များ အများအပြား ရရှိနေမယ့် အချက်ကို ကျွန်တော်တို့ အသိအမှတ် ပြုကြရမှာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်ကို ရရှိရေး အတွက် ကျနော်တို့ အတူ လက်တွဲ လုပ်ဆောင်ကြရပါမယ်။

မြန်မာအစိုးရအနေနဲ့ ဒီအချိန်အခါ သမယကို လက်လွတ်မခံဘဲ အမိအရ ဆုတ်ကိုင်ရပါမယ်။

နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာပြည်သူတွေကို ကူညီဖို့ အတွက် ကမ်းလှမ်းလာမယ့် အခွင့်အလမ်း တွေကို အမိအရ ဆုပ်ကိုင်ရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

ကျွန်တော်ဟာ မိတ်ဆွေတယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ တာဝန်က ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။
အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအုပ်စုတွေ၊ လူထု အခြေပြု လူ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတနိုင်ငံ၊ ပြည်သူ တရပ်အသွင်နဲ့ အနာဂတ်ခရီးလမ်းကို အတူတကွ ချီတက်နိုင်စေဖို့ ခင်ဗျားတို့ အားလုံးကို အားပေး တိုက်တွန်းဖို့က ကျနော့်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကွဲပြားခြားနားမှုတွေရဲ့ အထက်မှာ ထားနိုင်မယ် ဆိုရင် မဖြေရှင်းနိုင်တဲ့၊ မဖြစ်နိုင်တဲ့ အရာ ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

ဒေသတွင်းနဲ့ ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံဟာ ပူးပေါင်း ဆောင်ရွက်ခြင်း ကနေ အကျိုး အမြတ်ရရှိဖို့ ရပ်တည်ရ ပါလိမ့်မယ်။ မိမိနိုင်ငံရဲ့ အပြောင်းအလဲတွေ ကနေ အကျိုးအမြတ် ရရှိဖို့ ဆောက်ရွက် ရပါလိမ့်မယ်။

ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေး မူဝါဒရဲ့ အရေးကြီးတဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ မြန်မာအစိုးရက ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရနေနဲ့ စကားနဲ့ အလုပ်ညီညွတ်စေဖို့ ကျနော်တို့ ပြောလိုပါတယ်။

နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမို ပူးပေါင်းဆောင်ရွက် လေလေ နိုင်ငံရဲ့အချုပ်အချာ အာဏာက ပိုမို ခိုင်မြဲလေလေ ဖြစ်လာ ပါလိမ့်မယ်။

အဲဒီလိုပဲ မြန်မာပြည်သူအားလုံးရဲ့ လူ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစား လိုက်နာရင်း စည်းလုံး ညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ ဒီမိုကရေစီ အနာဂတ်ဆိုတဲ့ ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက်တွေကို မြန်မာ ပြည်သူတွေ ရရှိစေဖို့ အကူအညီ ပေးခြင်းဟာ နိုင်ငံတကာ အသိုင်းအ၀န်း တခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Ref: ဧရာဝတီ



0 comments:

အပေါ်သို့