..............................

Friday, July 10, 2009

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ

မင်းနိုင်သူ / ၉ ဇူလိုင် ၂၀၀၉

တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မကြာမီ ရက်ပိုင်းက အပြင် ထွက်ခွင့် ရသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇူလိုင် (၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ် တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီးဟောင်း၏ ဇနီး ဒေါ်ခင်စန်း၏ ဈာပနသို့ လာရောက် နာရေး မေးမြန်းခဲ့စဉ် အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့လို စီးပွားရေး သမားကြီးတွေလည်း လာမေး ကြတယ်လေ။ ဦးခင်ညွန့် ရောက်လာတော့ အားလုံး အပြင်ထွက်ပေး ကြရတယ်။ ဒါပေမယ့် ဦးခင်ညွန့်နဲ့ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို မြင်လိုက်ရပါတယ်။ ဗိုလ်မှူးချုပ် တင့်ဆွေက ဦးခင်ညွန့်ရဲ့ ဆရာ ဖြစ်ခဲ့တာကိုး။ ဒါကြောင့် နာရေး လာမေးကြတာ” ဟု ပြောသည်။

ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ဒေါ်ခင်စန်း အသက် (၈၆) နှစ်သည် ဇူလိုင် (၅) ရက်တွင် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးတို့က ဇူလိုင် (၇) ရက် ညပိုင်း (၈) နာရီမှ (၁၀) နာရီအထိ လာရောက် နာရေး မေးမြန်းသွားခဲ့ကြခြင်း ဖြစ်သည်။

“နှစ်နာရီလောက်ကြာတယ်လေ။ ဦးခင်ညွန့်ကတော့ အရင် အတိုင်းပဲ။ ကျန်းမာရေးလည်း ကောင်းတယ်တဲ့။ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေကတော့ ခြေထောက်တဖက် သိပ်မကောင်းဘူး။ ထိုင်ရ ထရတာ မလွယ်ဘူးလို့ ပြောသွားတယ်တဲ့” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေး ခရီးစဉ် အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စီစဉ်ပေးခြင်း ဖြစ်ကာ နာရေး အိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေး အပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ အနားပေးခံခဲ့ရ သည့်အပြင် နေအိမ် အကျယ်ချုပ် အချခံခဲ့ရပြီး ၎င်း၏ ထောက်လှမ်းရေး တပ်ဖွဲ့ တခုလုံးကို ဖျက်သိမ်း ခံခဲ့ရသည်။

Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့