..............................

Tuesday, July 7, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင် အသိပေးထား ဟု နအဖ သတင်းစာတွင်ဖေါ်ပြ

NEJ / ၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် မပေးနိုင်ကြောင်း ကြိုတင် အသိပေး ထားပြီးဖြစ်ကြောင်း နအဖ သတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ် အတွက် မစ္စတာ ဂမ်ဘာရီ လာရောက် ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီး ဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂ ဘက်က အသေးစိတ် ပြောဆိုခြင်း မပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင် ညှိနှိုင်း ထားချက်များကို မြန်မာ စစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် (၂) ကြိမ် တိုင်တိုင် တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေး ပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ် မျှတစွာ ဆောင်ရွက်နေသော တရား စီရင်မှုတွင် မိမိတို့ အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့် မရှိပါကြောင်းဟု သုံးနှုန်း ပြောဆိုသွားသည်။

သို့သော် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူများကမူ တရားခွင်သည် လွတ်လပ် မျှတမှု မရှိဟု ယုံကြည်ကြသည်။

အင်းစိန်ထောင်အထူးတရားခွင်ကို နအဖ စစ်အစိုးရက တံခါးပိတ် စစ်ဆေးနေပြီး သံတမန် အသိုင်းအ၀ိုင်းနှင့် သတင်းသမားများကို နှစ်ကြိမ် ၀င်ရောက်ခွင့် ပြုခဲ့သော်လည်း မေးမြန်း သတင်းရယူခွင့် မပေးခဲ့ချေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့