..............................

Thursday, October 8, 2009

တိုင်းရင်းသားလူမျိုးများကောင်စီ ထုတ်ပြန်ချက် ကေအန်ယူ ကန့်ကွက်

ရဲရင့် / ၇ အောက်တိုဘာ ၂၀၀၉

တိုင်းရင်းသားအဖွဲ့များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အတွက် တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) က ထုတ်ပြန်သည့် တိုက်တွန်းချက်သည် အဖွဲ့၏ သဘောထား မဟုတ်ဘဲ လူတစု၏ သဘောထားသာ ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အနာဂတ် မြန်မာ့ နိုင်ငံရေးတွင် တိုင်းရင်းသားများ ပါဝင်ရန် တိုက်တွန်း ထားသည့်စာကို အီးအန်စီ အဖွဲ့က အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်ထံ ယခင်လ (၂၈) ရက်တွင် ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ်က ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ဒီစာကို ကေအန်ယူက ကန့်ကွက်တယ်၊ ကေအန်ယူလိုင်း နဲ့လည်း ဆန့်ကျင်တယ်၊ ဒီစာထုတ်တာ အီးအန်စီ အဖွဲ့ရဲ့ သဘောထား မဟုတ်ဘူး၊ လူတဦး၊ နှစ်ဦးရဲ့သဘောထားပဲ ဖြစ်တယ်။ အန်ဂျီအိုတွေက လုပ်ခိုင်းတဲ့ အတိုင်း လုပ်တဲ့လူ အချို့ ရှိတယ်။ အီးအန်စီကို စဖွဲ့တာ နိုင်ငံရေး အဖွဲ့အစည်း အနေနဲ့ ဖွဲ့တာ မဟုတ်ဘူး၊ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပေါ်ထွန်းရေးနဲ့ တိုင်းရင်းသား အားလုံး စုစည်းတဲ့ ဆုံရပ်ဖြစ်ဖို့ အတွက် ဖွဲ့ခဲ့တာ” ဟု ပြောသည်။

ပြည်ပရောက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အီးအန်စီ အဖွဲ့တွင် ကရင်ပြည်နယ် ကိုယ်စားလှယ်ဟု ခံယူ ထားသူများသာ ပါရှိပြီး ကေအန်ယူ အနေဖြင့် ပါဝင်ခြင်း မရှိသည့်အတွက် ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တစုံတရာ ဂယက်ရိုက်ခတ်မှု မရှိနိုင်ဟုလည်း ၎င်းက ပြောကြားသည်။

အီးအန်စီအဖွဲ့၏ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးခွန်မားကိုဘန်းက “ဒီစာနဲ့ ပတ်သက်ပြီး အဖွဲ့က တာဝန်ရှိသူ အဆင့်ဆင့်ကို မေးကြည့်တော့ ဘယ်သူမှ မသိကြဘူး။ ဖွဲ့စည်းပုံမှာက သဘာပတိ အဖွဲ့ဟာ နိုင်ငံရေး ဦးဆောင်မှုမှာ တာဝန်ရှိပြီး အထွေထွေ အတွင်းရေးမှူး အဖွဲ့ဟာ နေ့စဉ် လုပ်ငန်းတာဝန် လုပ်ဆောင်ဖို့ ဖြစ်တယ်။ ဒီလို အထွေထွေ အတွင်းရေးမှူး လက်မှတ် ထိုးပေးတဲ့စာကို အဖွဲ့ရဲ့ သဘောထား စာလို့ သတ်မှတ်လို့ မရဘူး။ အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲ ကလည်း ဒီစာနဲ့ ပတ်သက်ပြီး သူဘာမှ မသိရဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါစာသည် အဖွဲ့၏သဘောထား အမှန် မဟုတ်ကြောင်း သိရှိရန်နှင့် ယင်း ပြဿနာကို ဖြေရှင်းရန် လာမည့် (၃) လပတ် အစည်းအဝေးတွင် အကျေအလည် ဆွေးနွေးမည်ဟု အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲက ပြောသည်။

အီးအန်စီသည် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လုံးဝ လက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက် အရွေးခံမည့် တိုင်းရင်းသား အဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲ ပေးမည့် ပြည်သူ လူထုကို ဆန့်ကျင် တိုက်ခိုက်သွားမည် မဟုတ်ကြောင်း သဘောထား ချမှတ် ထားသည်ဟုလည်း ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့