..............................

Friday, October 9, 2009

ဒီအယူခံကို ပယ်လိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်

ရဲဘော်ဖိုးသံချောင်း
၇ အောက်တိုဘာ ၂၀၀၉

မျက်မှောက်အချိန်မှာ ဗမာပြည်နိုင်ငံရေးဟာ နိုင်ငံတကာ အ၀န်းအ၀ိုင်းကို ရောက်သွားတာနဲ့ အတူ ကမ္ဘာအနှံ့ရှိ ဗမာပြည်နဲ့ မကင်းသူတွေဟာ သတင်းတွေကို နားစွင့်ကြ၊ ပြောဆို ဆွေးနွေးကြ၊ ထင်မြင်ချက် ပေးကြ၊ ရှေ့ အလားအလာတွေကို တွက်ကြနဲ့ အတော့်ကို လှုပ်ရှားနေကြပါတယ်။ အနည်းဆုံး ဦးနှောက်ပိုင်း လှုပ်ရှားကြတယ်လို့ ဆိုရင် မမှားပါဘူး။ သဘာဝကျစွာပဲ တချိန်တည်းမှာ အယူအဆ အမျိုးစုံလည်း ပလူပျံအောင် ပေါ်ပေါက်နေပါတယ်။

ဒီလိုတကမ္ဘာလုံးက အာရုံစိုက်အလေးထားနေတဲ့ အကြားမှာပဲ နအဖ စစ်ဗိုလ်ချုပ် တွေက ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို အယူခံတာ ပယ်ချ လိုက်တယ် ဆိုတဲ့ ကိစ္စ ပေါ်ထွက်လာပါတယ်။ နအဖရဲ့ ဗီဇနဲ့ သဘာဝကို အမှန်အတိုင်း မြင်ထားတဲ့ လူတွေ အဖို့မှာ ဒီလုပ်ရပ်ဟာ ဘာမှ မဆန်းဘူးလို့ ပြောစရာပါပဲ။ ဒါပေမယ့် အမေရိကန်က အမတ် မစ္စတာဝက်ဘ် တို့လို လူတွေ အဖို့တော့ နအဖ ဗိုလ်ချုပ်တွေ “ဖိုးသင်းမျောက်” လို လုပ်လိုက်တဲ့ အတွက် အတော်ကို အနေရ ခက်သွားမှာပါ။ ဒါဖြင့် ဗမာပြည်သား နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး အင်အားစုတွေ အတွက်ရော နအဖရဲ့ ဒီလုပ်ရပ်ဟာ ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။

စိတ်ဝင်စားစရာတွေ့ရတဲ့ အချက်တချက်ကတော့ ဒီလုပ်ရပ်ဟာ အခုတလော ဗမာပြည် နိုင်ငံရေးမှာ ပေါ်ပေါက် ပြောဆိုနေကြတဲ့ အယူအဆ အသစ်တွေ၊ အကြောင်းပြချက် အသစ်တွေကို တိုက်ရိုက် အဖြေပေး လိုက်သလို ဖြစ်သွားတာပါပဲ။

ဥပမာတခုပြရရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဗမာပြည်မှာ နိုင်ငံရေး လုပ်စရာ စပေ့စ် (နယ်ပယ်) ရမယ်လို့ ဆိုနေသူတွေ။ သူတို့ ရည်ညွှန်း နေကြတဲ့ စပေ့စ် ဆိုတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အခုလို အယူခံခွင့်၊ ပြင်ဆင်မှု တောင်းဆိုခွင့်တွေ ပေးတဲ့ စပေ့စ် မျိုးလားလို့ ပြန်မေးရမလို ဖြစ်နေပါတယ်။ နအဖဟာ နောင်မှာလည်း ဒီလို လှုပ်ရှားခွင့်တွေ၊ “ကြိုးကိုင် ဒီမိုကရေစီ” တွေ ပေးနေမှာပဲ ဆိုတာ သေချာပါတယ်။

တချို့ကတော့ “ဘာမှမရှိတာနဲ့စာရင် တခုခုရှိတာက ကောင်းတယ်” လို့ ဆိုကြပါတယ်။ ဒါဖြင့်ရင် အခုလို တရားဥပဒေနဲ့ တရားရုံးကို လိုရာဆွဲသုံး လုပ်နေတာမျိုးတွေ တခုခုအဖြစ် တည်ရှိနေတာ မျိုးကရော ကောင်းတယ်လို့ ဆိုမလား။

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြီးနောက် “ဒီမိုကရေစီကို ရာခိုင်နှုန်းတရာ ရချင်မှရမယ်။ ဒါပေမယ့် ဒီမိုကရေစီကို ခြေလှမ်း တလှမ်းတော့ လှမ်းလိုက်နိုင်မယ်” လို့ ဆိုတဲ့ လူတွေကိုတော့ ဒီလို ဘိန်းပစ်ဖမ်း၊ မရှိတော့တဲ့ ဖွဲ့စည်းပုံ ဥပဒေထဲက ပုဒ်မတွေနဲ့ အပြစ်ပေး စတဲ့ ခြေလှမ်းမျိုးတွေနဲ့ ဒီမိုကရေစီဆီကို လှမ်းလို့ ရမှာတဲ့လားလို့ မမေးသင့် ပေဘူးလား။

ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ရှေ့မတိုးသာနောက် မဆုတ်သာ အကျပ် အတည်း တွေ့နေရတာဟာ ဒေါ်အောင်ဆန်း စုကြည်ဘက်က တင်းမာလို့ ဖြစ်တယ်လို့ ဆိုနေတဲ့ လူတွေကိုတော့ များများမပြော ကဲ-ဘယ့်နှယ်ရှိစ လို့သာ မေးလိုက်ဖို့ လိုမယ် ထင်ပါတယ်။

အထက်ပါ အယူအဆကို တင်တဲ့လူတွေက “ဘောလုံးဟာ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ဘက်မှာ ရောက်နေတယ် လို့လည်း ပြောလေ့ရှိပါတယ်။ ဗိုလ်သန်းရွှေတို့က ဒီလို အာဏာသုံးပြီး မတရားတဲ့ တဖက်သတ် နည်းတွေနဲ့ ဘောလုံးကို တဖက်က ကွင်းထဲ ပို့နေတယ် ဆိုတာကို အခုကိစ္စက ထပ်ပြီး သက်သေ ပြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီလိုဆုံးဖြတ်လိုက်တယ် ဆိုတော့မှပဲ တချို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ ထုတ်ပြန်ချက်တွေ ထွက်လာ ကြတာ တွေ့ရပါတယ်။ တိုက်ဆိုင်မှုလား၊ တမင် လုပ်တာလား ဆိုတာကိုတော့ ကာယကံရှင်တွေမှ သိမှပဲ။ ဒါပေမယ့် ဗမာပြည် ပြည်သူတွေ ကတော့ ဒီလုပ်ရပ်ကို မျက်မှောက် ကြုတ်မိ ကြမှာပါပဲ။ အတူသမိုင်းတရားခံ ဖြစ်ရအောင် နအဖက အငှားဗိုက်နဲ့ ထားထိုးခံဖို့ တရားခံ ရှာထားတဲ့ ဒီရွေးကောက်ပွဲကို သိန္ဓိ တင်ပေးသလို ဖြစ်နေမယ်ဆိုတာ စဉ်းစားကြသင့်ပါတယ်။

ချုပ်ပြောရရင် နအဖရဲ့ဒီလုပ်ရပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ သေဖော်ညှိ သူတွေ အားလုံးကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ အကြောင်းပြတာတွေ အတွက် အားတက်စရာ၊ မျှော်လင့်စရာ မရှိကြောင်း ဖြစ်ပေါ်မှုတိုင်းက ဖော်ပြနေပါတယ်။

ဒီကိစ္စမှာ မြင်သင့်တာနောက်တခုက အယူခံပယ်ချတာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဗိုလ်သန်းရွှေဆီ ပေးစာကို အဖြေ ပေးလိုက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အာဏာ ရှိနေတဲ့လူတွေဟာ သူတို့ တိုက်ရိုက် အဖြေပေးလို့ မရတဲ့ ကိစ္စတွေကို ဒီလိုပဲ တဖက်လှည့်နဲ့ အဖြေ ပေးတတ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တကမ္ဘာလုံး မြင်အောင် သံလွင်ခက်ကို ဝှေ့ယမ်း ပြနေချိန်မှာ ဗိုလ်သန်းရွှေတို့က ဘီးလူးစွယ်ကို ဖြဲပြ လိုက်တာဖြစ်ပါတယ်။

ပိုပြီး ဒေါသထွက်စရာကောင်းတာက နအဖစစ်အစိုးရ ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဒီလို အယူခံ ပယ်ချလိုက်ပြီးတဲ့ နောက်မှာ တပတ်မှ မကြာဘူး၊ ဆက်ဆံရေး ၀န်ကြီး ဗိုလ်အောင်ကြည်နဲ့ တွေ့တယ်ဆိုတာ ဖြစ်လာတာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေ ရှေ့မှာ ပြုံးပြ ခိုင်းပါတယ်။ သူတို့ဟာ အမေရိကန် ကျေနပ်အောင် ဒီလိုတွေ့ခိုင်းတာ၊ ၀ါဒဖြန့်ကောင်းရုံ လုပ်တာမှန်း လူတိုင်း သိပါတယ်။ ဒါပေမယ့် မနေ့တနေ့ကမှ မတရားဆုံးဖြတ်ပြီး အချုပ် သက်တမ်း တိုးထားတာ ခံရသူဘက်က စဉ်းစားကြည့်ရင်တော့ ဒီလိုလုပ်တာဟာ အင်မတန် ရိုင်းပြတဲ့ စောကားမှု ဖြစ်ပါတယ်။

ပိုထင်ရှားသွားတာကတော့ ဦးဝင်းတင် တနေ့က ပြောသလို နအဖဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဈေးဆစ်စရာ ဓားစာခံလို အသုံးပြုနေတယ် ဆိုတာပါပဲ။ ဗိုလ်အောင်ကြည် ဆွေးနွေးတယ် ဆိုတဲ့ မျက်လှည့်ပြပွဲကို ကာလတခု ရပ်ထားပြီးနောက် ယနေ့လို အချိန်ကျမှ ပြန် ပွဲထုတ်လာတာဟာ နအဖရဲ့ မရိုးသားမှုကို ပြသတာဖြစ်ပါတယ်။

တပါတည်းမှာ ထောက်ပြရမှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ နိုင်ငံရေး အမှု၊ ဒီမိုကရေစီ ပြဿနာ ဖြစ်တယ် ဆိုတာကိုလည်း ဒီကိစ္စတွေက ထင်ရှားစေပါတယ်။ ဒါ့အပြင် နအဖ ဗိုလ်ချုပ်တွေ အနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ် ဆိုတာကို ငြင်းပယ်ဆဲပဲ ဆိုတဲ့ သာဓကတခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တနေ့မှာ ဗိုလ်သန်းရွှေတို့တတွေရဲ့ တခြား သမိုင်းတရားခံ တွေကို ပြည်သူ့ ခုံရုံး တင်ရာမှာတော့ တရားမျှတ စေရမယ်ဆိုတာ ပြည်သူတွေက အခုကတည်းက ရိုးရိုးသားသား၊ ရဲရဲတင်းတင်း အာမခံထားပါမယ်။

သူများလို တို့မရိုင်းတယ်၊ တိုင်းသိပါရဲ့ ဖြစ်ရပါစေမယ်။ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတာလည်း တကယ် မြင်တွေ့ ကြရ ပါစေမယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့