..............................

Wednesday, October 7, 2009

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော် အချို့အား ဖမ်းဆီး စစ်ဆေးနေ

အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉

နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည် ဆိုသော စွပ်စွဲ ချက်ဖြင့် ပြည်ပ နိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယ ပတ်က ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်း မဟုတ်ဘဲ ခရီးစဉ် အသီးသီးမှ အပြန် နအဖ အာဏာပိုင် တို့က စောင့်ကြို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ မဟာပါသဏ လိုဏ်ဂူနှင့် ကပ်လျက် ‘အပရဂေါယာန’ သုံးထပ် ကျောင်းဆောင်၌ နိုင်ငံတော် ဗဟို သံဃာ့ မဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် သတင်း တပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက် စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ် ကျခံစေရန် အင်းစိန် အကျဉ်း ဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိ သံဃာတော် (၁) ပါးအား ဆက်လက် စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေး နေကြောင်း သာသနာရေး ၀န်ကြီးဌာန ၀န်ထမ်း အများစု သိရှိနေသော်လည်း ၎င်းသံဃာတော် တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာ ကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူး လျှို့ဝှက်ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့ မရဘူး။ အထူး ကန့်သတ် နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ် ၀န်းကျင်တွေလို့ ကြားရတယ်။ သတင်း တပ်ဖွဲ့ဝင်တွေက လွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေး ၀န်ကြီးဌာန အရာထမ်း တဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာ ၀စ္စက အစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက် ပေးနေပြီး အနီးကပ် စောင့်ကြည့် စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင် ဗီဇာများဖြင့် ထွက်ခွာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံ အသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက် ခရီးစဉ်မှ ဖြစ်နိုင်သည် ဟု သာသနာရေး ၀န်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာ နာယက ကျောင်းဆောင်တွင် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ (၄၇) ပါးအနက် အချို့ ဆရာတော်များ သီတင်းသုံး နေသည်။ ဖမ်းဆီး ထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာန ကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော် အချို့ ရှိနေသည် ဟုလည်း သိရသည်။

၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန် အကျဉ်းဦးစီး သို့ မပို့မီ အပရဂေါယာန ကျောင်းဆောင်၌ ဦးစွာ စစ်ဆေးလေ့ ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပ ခရီးထွက်ခွာ ရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူး လက်မှတ်၊ သာသနာ မှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာ နာယက၏ ထောက်ခံချက်၊ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံချက် တို့ကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပ သာသနာပြု ခရီး ထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည် ဆိုသော စွပ်စွဲချက် သတင်းများ ထွက်ပေါ် အပြီး သံဃာတော်များ ပြည်ပ ထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေး ခွင့်ပြုချက် လက်မှတ် ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့် ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖ အာဏာပိုင် တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပ ထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ် ကြာသည့် တိုင် ခွင့်ပြုချက် မချသေးကြောင်း ပြည်တွင်းမှ ဆရာတော် တပါးက မိန့်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့