..............................

Tuesday, October 6, 2009

သျှမ်းပြည်တပ်မတော်လက်နက် ချမည်ဟု မိုင်းတုံ ဗမာ့ စစ်ဗျူဟာမှူး ၀ါဒဖြန့်

တနင်္လာနေ့၊ 05 အောက်တိုဘာလ 2009

မိုင်းတုံအခြေစိုက် နအဖ စစ်ဗျူဟာမှူး က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာ ၇၇၂ တပ်မဟာမှူး နှင့် တွေ့ဆုံ ဆွေးနွေးစဉ် - “သျှမ်းပြည် တပ်မတော် လက်နက် ချတော့မည်” ဟု ပြောကြောင်း နယ်စပ်သတင်း ရပ်ကွက်က ပြောသည်။

စက်တင်ဘာ ၂၉ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ နအဖ စစ်ဗျူဟာမှူးနှင့် တောင်ပိုင်း ၀ တပ်မဟာ ၇၇၂ တပ်မဟာမှူး တာ့ဇုန်း တို့ မိုင်းကျွတ် ကျေးရွာ တိုက်သူကြီး အိမ်၌ တွေ့ဆုံစဉ် ဗမာ့ စစ်ဗျူဟာမှူးက ၀ တပ်မှူးအား - “ခင်ဗျားတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ မရှိပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒီအချိန်မှာ ကျနော်တို့ အလုပ် အရမ်းများတယ်၊ ယွက်စစ်တို့ အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲဖို့ ကိစ္စအတွက် ပြင်ဆင်စရာတွေ ရှိတယ်” - ဟု ပြောခဲ့ကြောင်း - တောင်ပိုင်း ၀ တပ်မှူးတဦး က ပြောပါသည်။

“အဲဒီသတင်းကြားကြားချင်းတော့ တမျိုးဖြစ်တာပေါ့၊ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ စဉ်းစား မိတယ်။ ဒါ စစ်အစိုးရရဲ့ စိတ်ဓါတ် စစ်ဆင်ရေးနည်း သုံးတာဘဲလို့ နားလည် လိုက်တယ်”- ဟု အမည် မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူး တဦးက ပြောပါသည်။

ထို့အတူ ဗိုလ်မှူးကြီးယွက်စစ်ကလည်း - စစ်အစိုးရနှင့် ဆွေးနွေးရန် SSA ဘက်မှ ကိုယ်စားလှယ်လွတ် ကမ်းလှမ်းထားသည် ဆိုသည့် သတင်း၊ SSA လက်နက်ချမည် ဆိုသည့် သတင်းများ လုံးဝ မဟုတ်မှန်ကြောင်း သျှမ်းသံတော်ဆင့်အား ယခုကဲ့သို့ ပြောပါသည်။

“ဒါစစ်အစိုးရရဲ့လှည့်ကွက်ဘဲ ။ ဘာတခုမှ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ဆွေးနွေးဖို့ ထိုင်းအစိုးရက ကြားဝင် ပေးတာကိုတော့ ကျနော်တို့ ချွင်းချက်နဲ့ လက်ခံတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ကျနော်တို့ ဖြေရှင်း ချင်လို့ ပါဘဲ” - ဟု ပြော၏။

မြောက်ပိုင်း ၀ ဌာနချုပ်နှင့် ကူးလူးဆက်ဆံရေး ခက်ခဲသည့် တောင်ပိုင်း ၀ တပ်ဖွဲ့အား တွေဝေ စေရန် အတွက်သော် လည်းကောင်း၊ လွယ်လွယ် ကူကူ ဖဲ့ထုတ်နိုင်ရန် အတွက် သော်လည်းကောင်း ထိုကဲ့သို့ ၀ါဒဖြန့်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တဦးကလည်း ကောက်ချက်ချ သုံးသပ်ပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့