..............................

Monday, October 5, 2009

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို

ရဲဘော်ဖိုးသံချောင်း
၂ အောက်တိုဘာ ၂၀၀၉

ဗမာပြည်ကမီဒီယာတွေကို ဖတ်ကြည့်တဲ့အခါ ဗမာပြည် နိုင်ငံရေးမှာ ရှုပ်ထွေး စရာတွေ ပေါ်လာမယ့် လက္ခဏာတွေ တော်တော် တွေ့လာ နေရပါတယ်။ ဒီကြားထဲ အမေရိကန် နိုင်ငံက ပေါ်လစီ ပြောင်းမယ် ဆိုတဲ့ သတင်းကလည်း ရှိနေတော့ မကြာခင်မှာ အသံတွေ ပိုစီညံ လာဦးမှာ သေချာနေပါတယ်။

ဒါပေမယ့် ဘယ်လိုလေသံတွေပဲ ဖြစ်နေနေ၊ အဆုံးမှာ သတ္တုချ လိုက်ရင်တော့ ပြောဆို နေကြတာဟာ နအဖက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘူးလား ဆိုတဲ့ နှစ်ခုပါပဲ။ ကြားမရှိဘူး လို့တောင် ပြောရင် ရပါတယ်။

ဒီရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းသူတွေထဲမှာ ကိုယ်တိုင် ၀င်မယ့် လူလည်းရှိ၊ ကိုယ်တိုင် မ၀င်ဘဲ ဟောပြော တရားချတာ သက်သက် လုပ်နေသူတွေလည်းရှိ၊ လူအမျိုးအမျိုးပဲ ဆိုတာ တွေ့ရမှာပါ။ ဒီအထဲက တချို့ကဆိုရင် အိုဘားမားနဲ့ ဒေါ်ကလင်တန် တောင်မှ သူတို့ရဲ့ နောက်ကို လိုက်လာတယ်လို့ ပြောချင်ဟန် ရှိပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် တောခြောက်ပေး၊ ဘေးတီးပေးသူတွေ အထဲမှာ တချို့က ဒီလို လုပ်တာဟာ သူတို့ ကိုယ်ကျိုး အတွက် မဟုတ်ပါဘူး၊ သူတို့ ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကို မ၀င်ပါဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ရဲ့ အသက် အရွယ်အရ ဖြစ်စေ၊ သူတို့ရဲ့ သုညနား ကပ်နေတဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ အရပဲ ဖြစ်စေ၊ သူတို့ဟာ ရွေးကောက်ပွဲကို ၀င်ချင်လို့လည်း ၀င်လို့ မရပါဘူး။ သူတို့ဟာ ဒီနေ့ နအဖရဲ့ အဓိက ရန်ဘက် စာရင်းမှာ ပါနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗကပ စတာတွေထဲမှာ ပါဖူးပါတယ်။ လက်နက်လည်း ချဖူးကြပါတယ်။ ဒီတော့ “တခါ လက်နက်ချဖူးရင် အကြိမ်ကြိမ် လက်နက် ချနေရတယ်” ဆိုတဲ့ လက်နက်ချတို့ရဲ့ အစဉ်အလာအတိုင်း မသေမချင်း တိုင်းပြည်မှာ အရေးကြီးတဲ့ ကိစ္စပေါ်လာတိုင်း စစ်အုပ်စုက လိုအပ်တယ်ဆိုရင် ထောက်ခံစာတွေ ရေးပေး နေရတာပါပဲ။ သူတို့ ကိုယ်တိုင်ကတော့ လူထုအပေါ် ဘာသြဇာမှ မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အင်္ဂလိပ် စကားလုံးတွေနဲ့ သဘောတရားတွေ ထုတ်တတ်တော့ နအဖကိုလည်း ဖားချင်၊ ဘာသဘော တရား အကြောင်းပြချက်နဲ့ ဖားရမှန်းမသိ ဖြစ်နေသူတွေ အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နောက်ပြီး နအဖကို ဖားချင်လို့ ဖြစ်စေ၊ ပညာတတ်ဂိုက် ဖမ်းချင်လို့ဖြစ်စေ သူတို့ ရေးတာတွေကို ဖော်ပြပေးနေတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သူတို့ရေးတာ၊ ပြောတာတွေဟာ တချို့ လူတွေ အတွက်တော့ အသုံးဝင် တန်ဖိုးရှိတယ် လို့ပဲ ပြောရမယ် ထင်ပါတယ်။ ပြည်တွင်းက မြို့ပေါ်မှာ နေသူတွေဆိုတော့ သူတို့ဟာ သူတို့နဲ့ ပြိုင်ငြင်းလို့ မရမှန်း သိထားတဲ့ အတိုင်း လူတကာကို တိုက်ခိုက်တာ ဆွတာတွေ လုပ်ကြပါတယ်။ တခါတလေမှာ သက်တော်ရှည် ဆရာ ဒဂုံတာရာကို သေဖော်ညှိတာလည်း လုပ်ကြပါတယ်။ ဆရာ့ခမျာ ဒင်းတို့မို့ပေကိုး ဆိုပြီး မသိဟန်ဘဲ ဆောင်နေရဟန် တူပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဖားသာဖားရ မျက်မာန် ရှမှာကိုတော့ ကြောက်နေရတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။

နောက်တမျိုးက စီးပွားရေးလုပ်ငန်းရှင်၊ ပညာတတ်လို့ ဆိုရမယ့် သူတွေဖြစ်ပါတယ်။ သူတို့က မဝေးလှတဲ့ ကုန်လွန် လေပြီးတဲ့ သမိုင်းမှာ ဗိုလ်ခင်ညွန့်နဲ့ နီးစပ်၊ ပတ်သက်ဖူးတယ်လို့ နားလည်ရပါတယ်။ သူတို့က ငွေကြေး တတ်နိုင်တော့ ကိုယ်ပိုင် မီဒီယာလည်း ရှိတယ်၊ ပြည်ပ အဆက်အသွယ် တွေလည်း ရှိပါတယ်။ ကမ္ဘာအနှံ့ရှိ ရှုပ်ထွေးလှတဲ့ အန်ဂျီအိုကွန် ရက်တွေနဲ့လည်း ပတ်သက်နေကြပါတယ်။ သူတို့က ရွေးကောက်ပွဲကို ၀င်မယ့် လက္ခဏာတွေ ဖော်ပြနေပါတယ်။ ဒါပေမယ့် ငွေကြေးရှင်လည်းဖြစ်၊ ပညာတတ်လည်းဖြစ် ဆိုတော့ သူများလို ပြာပြာသလဲ မဖြစ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်၊ လှုပ်ရှား နိုင်ကြပါတယ်။ သူတို့မှာက နအဖ စစ်အုပ်စုထဲက ဘယ်ထိပ်သီးနဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ အရည်အသွေး မျိုးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ သူတို့ရဲ့ စီးပွားရေး တိုးချဲ့မှုဟာ ကင်းမှ ကင်းရဲ့လားလို့ တချို့က တွေးနေကြပါတယ်။ သူတို့ပြောတဲ့ သဘောတရားတွေမှာ နားယောင်စရာ ရှိကောင်း ရှိနိုင်ပေမယ့် သူတို့ ဘာကြောင့် ဒီရွေးကောက် ပွဲကို ထောက်ခံ ပါဝင်ချင်ကြတယ် ဆိုတာကတော့ ရှင်းနေတယ်လို့ ထင်ပါတယ်။

ဒီလို အမျိုးအစားတွေခွဲ ပြောပြီဆိုရင် တစညလို တပ်မတော် အရာရှိဟောင်း များကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူတို့ကို ချန်လှပ်လို့ မရပေမယ့် သူတို့ရဲ့တွေးခေါ်နည်း၊ ပြောကြားချက် စတာတွေ ကတော့ လူတိုင်းအဖို့ ဘာမှမဆန်း၊ ရှုပ်ထွေး စရာလည်း မရှိတာမို့ ဒီဆောင်းပါးထဲမှာ ချန်လှပ် ထားခဲ့ပါမယ်။ တစညပဲ၊ ဒီလိုပဲ ပြောတော့ မပေါ့လို့သာ မှတ်ထား လိုက်ကြပါစို့။

ဒါ့အပြင် နောက်တမျိုးကတော့ လူသစ်တန်းလို့ပြောရင် ရမလားပါပဲ၊ သူတို့က ပိုခြေသွက် ပါတယ်။ ပိုပြီး မျက်နှာပြောင်တယ်လို့ ပြောရင်တောင် ရမလားပါပဲ။ တကယ်က သူတို့ထဲက တချို့ဟာ ရှစ်လေးလုံး အရေးတော်ပုံ တုန်းက အဖွဲ့အစည်း တချို့မှာ တတိယတန်း ခေါင်းဆောင်လောက် လုပ်ဖူးပြီး အခြေအနေ ဆိုးလာတော့ ထိုင်သွား၊ ငုပ်သွားသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရှစ်လေးလုံး ခေါင်းဆောင်တွေ အပေါ် အာဃာတတွေ ထားကြောင်း ဖော်ပြတာလည်း တခါတရံမှာ တွေ့ရပါတယ်။ ဒီအမျိုးအစား ထဲမှာ သတိမပြုဘဲ မနေနိုင်တဲ့ ဒွေးရော ယှက်တင် ဖြစ်နေသူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ကြံ့ဖွံ့လိုဟာ၊ သတင်းပေးလို ဟာတွေပါ ရောပါနေတာ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့သူ အားလုံးထဲမှာ သူတို့ဟာ အပြတ်သားဆုံး လို့တောင် ဆိုနိုင်ပါတယ်။ သူတို့က ဘာမှ မကြောက်ဘူး ဆိုတာမျိုးလည်း ကြုံတိုင်းလိုလို ဖော်ပြကြပါတယ်။ အင်တာနက်မှာလည်း ကျက်စား၊ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ကြေညာ၊ ကိုယ့်ကိုယ်ကိုယ် အပြတ် ကြော်ငြာ နေကြပါတယ်။ ဒါ့အပြင် သူတို့က ပြည်ပ မီဒီယာတွေထဲမှာ “စိမ်ခေါ်လို့ကတော့ တိမ်ပေါ်ကိုတောင် တက်ထိုးမယ်” ဆိုတာမျိုးကိုလည်း ပြောကြပါတယ်။ သူတို့ ဦးတည်တာက နအဖ ဆန့်ကျင်သူ အားလုံးကို ဖြစ်ပါတယ်။ ဒီလိုအခါမှာ သူတို့ကို နအဖက လိုလားဟန်လည်း ဖော်ပြနေတော့ သူတို့က ပိုကမ်းတက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလနဲ့ ပတ်သက်လို့ ပြည်ပမှာ ဖော်ပြချက်တွေလည်း တိုးတိုး တဖုံ၊ ဗြောင်တမျိုး အမျိုးမျိုး ပေါ်လာနေပါတယ်။ တချို့ကဆိုရင် “မောင်မောင်အခေါ်” စောင့်နေကြတာပါ။ ကြိုပြီး တိတ်တဆိတ် ဖျာခင်းတာတွေ လုပ်တယ် လို့လည်း ကြားနေရပါတယ်။ သူတို့က နိုင်ငံခြား ပညာရှင်ကြီးတွေရဲ့အဆို အမိန့်တွေကို ကိုးကားပြီး ဗမာပြည် နိုင်ငံရေးကို ချဉ်းကပ်ပါတယ်။ ဒါပေမယ့် မရဲတရဲနဲ့ အချိန်မရွေး ပြန်ဆုတ်လို့ ရအောင် ပြောဆို ပြင်ဆင်နေကြတာလည်း သတိထား မိပါတယ်။ ကြည့်ရတာ သူတို့ဟာ နအဖရဲ့ကြိုးကိုင် ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းချင်ကြတဲ့ သဘောပါပဲ။ ကြိုးကိုင် ညင်သာရင် ပြည်တွင်းက ကွင်းမှာ ကစားမယ်၊ ကြိုးကိုင် ကြမ်းရင်တော့ ပြည်ပမှာပဲ နေမယ်ဆိုတဲ့ သဘောပါပဲ။ သူတို့အနေနဲ့ အန်အယ်လ်ဒီကို အပြစ်တင်တာဟာ မလုပ်မဖြစ် လုပ်ရတဲ့ ကြိုတင် လမ်းခင်းခြင်းလို့ ဆိုရင် မမှားပါဘူး။

ဒီလိုလူမျိုးတွေ၊ ဒီလိုအစိုးရနဲ့ ဒီလိုရွေးကောက်ပွဲမျိုးကို ကြည့်ရတာ ပျော်စရာတော့ အကောင်းသား လို့ပဲ အောက်မေ့ရပါတယ်။ ဇာတ်က ဘုန်းကြီးရူးနဲ့ လှေလူးထက် ပိုပြီး ဟာသမြောက်မှာပါ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့