..............................

Thursday, October 8, 2009

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး

NEJ / ၇ အောက်တိုဘာ၂၀၀၉

နအဖ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အယူခံမှုအား ပယ်ဖျက် ခဲ့ပြီး နောက်တနေ့တွင် နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်း စုကြည်အား စိမ်းလဲ့ ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ခေါ်ယူ တွေ့ဆုံခဲ့သည်။ ယင်းသို့ နအဖ အာဏာပိုင်များ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။

မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံ စကားပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် အကျယ်ချုပ် အယူခံမှုကို နအဖ စစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထား အမြင်ကို သိပါရစေ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မြင်သင့်တာက သိပ်ကို အဓိကကျတဲ့ ဆုပ်ကိုင် ထားရမယ့် အချက်က ဒါနိုင်ငံရေးမှု ဖြစ်တယ် ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေး အပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေး ကြောင့်မို့ ပေါ်ပေါက်လာတာ ဖြစ်တယ်၊ နိုင်ငံရေး ကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေး အပြောင်းအလဲ၊ နိုင်ငံရေး အချိုးအကွေ့ အပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာ ဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ နံပါတ်တစ်က သူတို့အတွက် အဓိကအကျဆုံး သူတို့ကို ဒုက္ခ ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့ အတွက်ဆို ဒါဟာ အင်မတန် အကဲဆပ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာ တခုက ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန် ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip ပဲ။ အထူးသဖြင့် အမေရိကန်နဲ့ စကားပြောဖို့ အတွက် ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် ကျန်တဲ့ နိုင်ငံရေးသမားတွေ အားလုံး လွှတ်ရေး မလိုအပ်ဘူး။ နိုင်ငံရေး ကစားဖို့အတွက်၊ နိုင်ငံရေး အရောင်းအ၀ယ် လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကို ချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ ချန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ ပတ်သက်လို့ ကတော့ သူပြောတာ မပြောတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် အယူခံမှုကို ပယ်လိုက်တာဟာ နအဖက လုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပေါ်မှာ တစုံတရာ သက်ရောက်မှုမျိုး ဖြစ်ပေါ် နိုင်ပါသလား။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံ ရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လို ဟာမှန်းလည်း မသိရသေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက် မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာ ကျတာက ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဓိက လုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူ လူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး လုပ်တာ မှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြု ပြီးသွားရင် ရွေးကောက်ပွဲမှာ ဘယ်သူ တက်လာလာ နအဖ က ဂရုမစိုက်တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေ အားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့ သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှ အကောင်အထည် ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့ အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေတယ်။

မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်လိုက်လို့ ရှိရင်လည်း လွှတ်ပြီးတဲ့ အခါမှာ သူ့ဘောင်ထဲက နေပဲ နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံ ဥပေဒေ အတည်ပြုဖို့ အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့ အသုံးချသွားတဲ့ ဟာမျိုး ဖြစ်မှာပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်က ဒေါ်စုကို အစိုးရ ဧည့်ဂေဟာမှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်စုက စာရေးတဲ့ ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နအဖ လုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ် ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့ အာဘော်ပိုင်းကို လိမ်ညာဖို့ အတွက် ထွင်ထားတဲ့ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆွဲ ခိုင်းထားတာ။ အခုဟာမှာလည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့ အလုပ် လုပ်နေပါတယ် ဆိုတာမျိုး ပြချင်တဲ့ အတွက် ဒါတမင် ဖန်တီးလာတဲ့ ကိစ္စပါ။ နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရား ဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ် ဆိုတာဟာ အင်မတန်ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန် စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာ ကနေ အင်မတန် နာပါတယ်။

မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာဟာ တွေ့ဆုံ ဆွေးနွေးမှု လမ်းပွင့် သွားနိုင်တဲ့ ကောင်းတဲ့ အလားအလာလို့ ယူဆသူတွေ ရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့ တားမြစ်မှုတွေ ဖြစ်လာတာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုတွေ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စကို နအဖနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း နအဖ ဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါတယ်လို့ ၀န်ခံရာ ကျတဲ့သဘော သက်ရောက်တယ် ဆိုပြီး ဘ၀င်မကျသူ တချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။ ဒါကြောင့် အခုလို တွေ့ဆုံမှု အလားအလာကို ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့တာ အခုမှ တွေ့တာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့ မရဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ ဘာလို့ ပိတ်ပစ်လိုက်လဲ၊ အကြောင်း မရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှု တကယ်ရှိတယ် ဆိုလို့ရှိရင် ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီး လုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်က မြင်နိုင်တဲ့ transparency ရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလို မဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲ နှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့ ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာ မဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့ တားမြစ်မှုနဲ့ ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့ သဘော သက်ရောက်နေတယ်လို့ ပြောကြစတမ်း ဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ထားတဲ့ ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန် အရပ်သားချင်း ပြောကြတဲ့ logic တွေနဲ့ လုပ်လို့ မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလို အဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာ မှန်သမျှက ဗမာပြည်မှာ အဓိက လိုအပ်နေတဲ့ ရင်ကြားစေ့ရေး ဆိုတဲ့ဟာနဲ့ ဝေးသထက် ဝေးအောင်၊ တချို့ အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆွဲပြီး တနေရာကို လှမ်းခေါ်သွားနေတာ ဖြစ်တယ်။

မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအ ကျပ်အတည်းတွေ ပြေလည် လာနိုင်မယ့် အလားအလာရော မြင်ပါသလား။

ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ် ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေး ပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့ စောင့်နေတဲ့ အစောင့်တွေ ကြားထဲမှာ ဒေါ်စုကို ထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်း ထားတာဖြစ်တယ်။

မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပွဲက နီးလာပေမယ့် ရွှေဂုံတိုင် ကြေညာချက် အပါအ၀င် အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ တောင်းဆိုချက် တွေကို နအဖက လျစ်လျူရှုထား ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့ အနေနဲ့ ဘယ်လို လုပ်သင့်ပါတယ် ဆိုတာမျိုး မပြောလိုဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်ဟာ ဒီနေ့ အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီ အနေနဲ့ အဲဒီကြေညာချက် အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည် သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲ ကတော့ တိုင်းပြည်ကို ဘာမှ ကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေး ရပ်တည်ချက် အသစ်တွေနဲ့ အယူဆ သစ်တွေကို အဖြေပေးလိုက်တဲ့ သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ် ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံ ကနေပြီး အသံမျိုးစုံ ထွက်လာတယ်။ အဲဒီဟာတွေ ထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဟာတွေကိုတော့ အထူး မပြောတော့ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ ထောက်ခံနေတဲ့ ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ် ဆိုပြီး အမျိုးမျိုး ပြောနေတဲ့ ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပွဲ ၀င်ခြင်း အားဖြင့် space တခု လှုပ်ရှားစရာ နေရာတခု၊ နိုင်ငံရေး လှုပ်ရှားစရာ ခွင်တခုတော့ ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခွင်ထဲမှာ ဒီဒေါ်အောင်ဆန်း စုကြည် အမှုလို ဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ ကြိုက်သလိုမျိုး လုပ်နေတာကို ဆက်ပြီး သယ်ဆောင်နေမယ် ဆိုရင်၊ လှုပ်ရှားခွင့် ရတယ်ဆိုတာလည်း အဲဒါတွေ ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲက နေပြီးတော့ ဒီမိုကရေစီကို တလှမ်းချင်း လှမ်းတက်သွားမယ်လို့ ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲ ၀င်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲ လုပ်ရင် ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အခင်းအကျင်းတွေ အခုထိ မပေးသေးတဲ့ အတွက် ဒီရွေးကောက်ပွဲ အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့ မထုတ်ပြန် နိုင်သေးလဲ ဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။ သူတို့ထဲမှာ မပြတ်လို့ သူတို့ အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ ရတယ်၊ အာဏာရထားတဲ့သူ သေနတ် ကိုင်ထားတဲ့သူ ဆိုတာ။ အဓိကတော့ သူတို့ထဲမှာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။

မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင် ပါသေးလား။

ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့ မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲ ဆိုတဲ့ အပေါ်မှာ တည်တာ။ နအဖက သဘောထား ပြောင်းလာတာ၊ စိတ်ကောင်း ရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ် မျှော်လင့်ချက် ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်း ပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီး အဓိက ကျလိမ့်မယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့