..............................

Tuesday, October 6, 2009

အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ
၅ အောက်တိုဘာ ၂၀၀၉

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသား ပညာရှင်တွေ၊ အလွတ် သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေ ရှာသူတွေ ဖုံးလွှမ်း သွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့ သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော် ဆေးခန်း၊ (အကျဉ်းသား ကူညီရေး အဖွဲ့တို့လို) တက်ကြွ လှုပ်ရှားသူတွေဆီ မဖြစ်မနေ သွားကြလို့ ချောင်းပေါက် မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီ ကယ်ဆယ်ရေး အဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်း စာနာရေး တက်ကြွ လှုပ်ရှားသူတွေ၊ စေတနာ့ ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်း တမ်းတမ်း ဝါသနာ ပါသူတွေဟာ အနောက်တိုင်း အကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေ ထိုင်ရင်း ခေါင်းဖြတ် လူသတ်မှုတွေ အကြောင်း၊ ဒုက္ခသည် စခန်း ရန်ပုံငွေတွေ ဘုံးခံရတဲ့ အကြောင်း၊ နအဖ-ထိုင်း- စီအိုင်အေ ထောက်လှမ်းရေးတွေ အကြောင်း၊ မိုက်ကြေးခွဲ ငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေ အကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာ အကောင်းဆုံး အဆိုးဆုံး ဖြစ်ရပ်တွေကို ဖောက်သည် ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသား တွေမှာ ဘာမှ ကြောက်စရာ မရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ် အနောက်နိုင်ငံသား ဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည် တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့ အတွက် ဒီအန်ဂျီအို တွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို ငွေကြေး ထောက်ပံ့နေတဲ့ ဘန်ကောက် အခြေစိုက် အနောက်တိုင်း အန်ဂျီအို အဖွဲ့ကြီး တဖွဲ့က ဆေးခန်းရဲ့ ငွေကြေး သုံးစွဲပုံကို လာရောက် စစ်ဆေးရာမှာ ရုံးခန်းထဲ ထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန် အများကြီးယူ မေးမြန်း စစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲ ကိုတော့ ဒါလောက် အချိန်ယူ လှည့်လည် စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေး အတွက် လာစစ်ဆေး ကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံး ဟိုတယ်မှာ တည်းသွား ခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက် ရှာဖွေရေး ခရီးထွက်လာတဲ့ အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံး တခုက ဆိုရင် မယ်လ ဒုက္ခသည် စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ် ရေးထားတာ ကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့် ပကတိ အနေအထားအောက် အများကြီး ရောက်နေပါတယ်။ အစိုးရ မဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရ မဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအို ဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ချက်တွေ အတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေ ဆီက ရန်ပုံငွေ မရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေး အသင်းကြီးတွေက အထောက် အပံ့ကို ဘိန်းစွဲသလို စွဲနေပြီ ဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေး လုပ်ငန်းကြီး တခု ဖြစ်နေပါပြီ။

အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေး ပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ် အပြင် တိုင်ပင်ခ အဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံ ဝန်ထမ်းတွေ အကြား မနာလိုတာတွေ ခွက်စောင်းခုတ် တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေး အဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမ လစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံ အရာရှိတွေနဲ့ ရုံးချုပ် ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက် ဧည့်ခံ စရိတ်တွေ၊ နေ့တွက် စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ ကူညီရမယ်ဆိုတဲ့ လူထုတွေ အတွက် ကူညီပေးစရာ ဘာမှ မကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်း စာနာရေး သမားတွေကတော့ ဒေသန္တရ အခြေအနေနဲ့ ကိုက်ညီတဲ့ လစာ နည်းနည်းလေး တွေနဲ့ အကျိုးဆောင် နေကြပါတယ်။

အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ ပဓာန အလုပ်ဖြစ်ရေး ဝါဒက ဘေးဖယ် ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေး ကပဲ လွှမ်းမိုး သွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေ လုပ်တဲ့အခါ ပေါ်လစီ အပြောင်းအလဲ တွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက် နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာ တံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံ ဝန်ထမ်းတွေက သမုတ်ကြပါတယ်။

မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ် အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့် ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသား ဦးရေက တနှစ်ထက် တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး အပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော် နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်း လူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေ အနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှု ကျူးလွန် ခံရသူတွေ အတွက် သက်သာရာ ရသွားစေတာ တွေ့ရပါတယ်။

အန်ဂျီအိုသမားတွေရဲ့ လူမှုရေးစုဝေးပွဲတွေကို လူတန်းစား ခွဲခြား ထားပါတယ်။ စီနီယာ အရာရှိကြီးတွေ၊ ဆရာဝန်တွေ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီး ရတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့် ပါတီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီး အစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်း ပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲ ရတဲ့ စေတနာ့ ဝန်ထမ်းသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ အလွတ် သတင်းထောက်တွေ ကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါတယ်။ နယ်စပ်မှာ နှစ်ကြာနေပြီ ဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြား နေကြပါတယ်။ လူသစ်တွေနဲ့ ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။

အန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိက တာဝန်ရှိတဲ့ ကေအန်ယူလို အဖွဲ့အစည်း တွေကို အတင်းပလူးကြ ရောသောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့ လုပ်ချင်သလို ဖြစ်မလာတဲ့ အခါမှာတော့ စိတ်ပျက်ပြီး ပြန်သွားကြပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေး လိုအပ်ချက် စတာတွေကို သဘော မပေါက်တဲ့ အခါ တချို့က ကေအန်ယူကို သွားပုပ် လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့ကလည်း ဘုရားလို တအားအထင်ကြီး ကြည်ညို လာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း ဆက်သွားနေပြီး အန်ဂျီအိုတွေက ပြောင်းလဲ သွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိမှိတ် နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီ ထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက် ခြစားမှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင် လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။

ကရင်တွေကြားမှာ အန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေ ဖြစ်လာသလို တဖက်မှာလည်း အန်ဂျီအိုတွေက ကရင်တွေရဲ့ ထောက်ခံမှု ဂရုစိုက်မှု ခံရဖို့ ရုပ်ပျက် ဆင်းပျက်နဲ့ အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ် ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစု ဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင် ပညာစံနှုန်းတွေ လူသားဝါဒ စံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေး ပြဿနာတွေ ရှေ့တန်း တင်လာကြပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေ တော်လှန်ရေး ခေါင်းဆောင်တွေ အကျင့်ပျက် ခြစားကြောင်း၊ ပျင်းရိ ထုံထိုင်းကြောင်း၊ ကိုယ်ကျိုး ကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေ ဖြစ်တဲ့ အကြောင်း ပြောဆို ဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံ မလုပ်ဘဲ နယ်စပ် ဒေသမှာ နှစ်ရှည်လများ စေတနာ့ ဝန်ထမ်း အကျိုးပြုနေတဲ့ အနောက် နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်း ရှုံ့သွားကြပါတယ်။

နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သား တွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေး ဂရုစိုက်တဲ့ အန်ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြား ရှိသလို ရာထူး တက်လမ်း အတွက် သို့မဟုတ် ငွေရှာဖို့ အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အန်ဂျီအိုတွေ အနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေးမှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင် အကျိုးရှိတယ်လို့ အန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာ တယောက်က ပြောပါတယ်။ အဲဒါတွေက လွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။

အန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ် ဆိုတာလည်း မသိသလို အန်ဂျီအိုတွေရဲ့ လစာတွေ၊ စရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်း မြင်သာအောင် ထုတ်ပြန်တာ မရှိဘူးလို့ နယ်စပ်က တိုင်းရင်းသား တယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန်ပျူတာတွေ၊ ဗွီဒီယို ကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင် ထွက်စားတာ တွေဟာ နိုင်ငံခြားသား အားလုံးရဲ့ ဘဝ လက္ခဏာလို ဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီ အရှင်သခင်တွေ လိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ အတွက် လှူဒါန်းထားတဲ့ ငွေတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံ ပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန်သွားတဲ့အခါ ဒေသခံတွေ အတွက် သုံးစွဲ ကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။

တချို့အန်ဂျီအိုတွေက နအဖလေသံ အတိုင်း၊ ကေအန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည် ဆန်တွေကို ကရင် စစ်သားတွေ စားဖို့ ယူတယ်၊ အန်ဂျီအို ဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်း ထွက်တဲ့အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည် စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင် ကလေးငယ်တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီး ဝါဒ သမား ရန်သူနဲ့ စစ်ခင်းနေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံ ပေါက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထု အကျိုးကို မကြည့်ဘဲ ဇွတ်အတင်း စစ်တိုက် ခိုင်းနေတယ်၊ ကရင် လူကြီးတွေဟာ တော်လှန်ရေးကို အသုံးချပြီး ငွေရှာ နေကြတယ်လို့လည်း အန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေး ပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ် ရပ်စဲရေးကို အင်မတန် လိုလားသူဖြစ်ပါတယ်။ ရှေ့က သွားနှင့်တဲ့ အပစ်ရပ် အဖွဲ့တွေ ထွက်ပေါက် ပိတ်နေတဲ့ သင်ခန်းစာကို ယူထားသူ ဖြစ်ပါတယ်။ အန်ဂျီအိုတွေက အာဏာရှင် ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မဟုတ်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကျောင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး သမားတွေကို ကရင်ဌာနချုပ် မာနယ်ပလောမှာ လက်ခံ နေရာချပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီအန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ ရာထူးတက်ဖို့ သူတို့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ်ကို ဝေဖန် အပြစ်တင်နေတာ ဖြစ်တယ်။ ဒီလူတွေဟာ သူတို့ အကျိုးပဲ သူတို့ကြည့်တယ်။ ကျုပ်တို့ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထည့် မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာ မဟုတ်ဘူး။ တရားမျှတမှု မရှိတဲ့ ငြိမ်းချမ်းရေး ဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေး မလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။

အန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာ မရမယ့် လုပ်ငန်းမျိုးကို မကူညီချင် သလို ကရင် တော်လှန်ရေး တပ်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ ငြင်းဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက် ကိုင်ထားရတာ ဖြစ်ပေမယ့် အန်ဂျီအိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ် နေတာလည်း တွေ့ရပါတယ်။

ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်း တွေက အန်ဂျီအို တဖွဲ့နဲ့ တဖွဲ့ကြား ကစားကြသလို အန်ဂျီအို တချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည် အရေးအတွက် ငွေနည်းနည်းပဲ အကုန် ခံပြီးနောက် နယ်စပ်က ရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်း စတဲ့ အချက် အလက်တွေကို သူတို့ အစီရင်ခံစာတွေထဲ ထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အန်ဂျီအို တခုက ဝါရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်း တခုခုကို အတင်းတောင်းလည်၊ အဝတ်အစား လုံလုံလောက်လောက် မရှိလို့ ရှိတဲ့ အဖေ၊ ဦးလေး၊ အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ ကလေး တယောက်ယောက် တွေ့ရင် ဓာတ်ပုံ ရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သတင်း ထုတ်တာတွေလည်း ရှိပါတယ်။ တိုက်ပွဲ အတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆန်ဖိုး၊ ဝက်သွေး၊ အမဲသွေးဖိုး ပေးမယ်၊ ဘတ် (၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။

အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ် လာဖွင့်တဲ့ နိုင်ငံတကာ ကူညီရေး အန်ဂျီအို တခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်း အသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်း ရုံးခန်းတွေငှား လုပ်လိုက်တဲ့ အခါ သူတို့ တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစု ကျန်းမာရေး အစီအစဉ်တွေ လုပ်ဖို့ ပိုက်ဆံ မကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲ လုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေ တားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တီမောမှာလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအို တွေက ရန်ကုန် ကီလီ ဆိပ်ကမ်းက ဇိမ်ခံရေပေါ် ဟိုတယ် သင်္ဘောကြီးကို စင်းလုံးငှားပြီး တီမော ပြန်လည် ထူထောင်ရေး လုပ်ခဲ့တာ တီမောပြည်သူတွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ် လို့တောင် အသံ ထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တီမောလူမျိုး ဟိုအလုပ်သမားတွေက လုပ်ခအဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတွေကတော့ လစာအပြင် တရက်ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။

ဆောင်းပါးရှင် အလန်ဒေါ်ဆင်က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့် ဟိုတယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေး မှတ်တမ်းတွေ လုပ်ထားတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အန်ဂျီအို အများစုဟာ အစိုးရတွေရဲ့ လက်ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီ အန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရား လုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းချထားတာ၊ မူးယစ်ဆေးဝါး ဝင်ငွေ အပေါ် ရပ်တည် မှီခိုနေတာတွေကို လျစ်လျူရှု ထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အန်ဂျီအို ဧရာမ အစုအဝေးကြီး တခုဟာ အာဆီယံ နိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေးဝါး အားအကိုးဆုံး တိုင်းပြည်ကို သွားပြီး အဲဒီက ကြယ်ငါးပွင့် ဟိုတယ်မှာ မနက်စာဘူဖေး အဝစား စနစ်နဲ့ ဗိုက်ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ် သတင်းထောက် ဖီလ်သော်န်တန်က “ဂနာ မငြိမ်သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ် ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာကြီး လူထုစိန်ဝင်းက မြန်မာ လူငယ်တွေကို အန်ဂျီအို လုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေး ခဲ့တာကို မခံမရပ်နိုင်သူ တချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင် လုပ်ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီး ကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ ဝန်ထမ်း လုပ်အား ပေးနေသူ) မျက်နှာဖြူ သတင်းထောက် ကိုယ်တိုင်က အန်ဂျီအိုတွေ အကြောင်း စာအုပ် ရေးထား တာကတော့ ဆရာ လူထုစိန်ဝင်းကို ထောက်ခံ နေပါတယ်။

အန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သော အဖွဲ့အစည်း’ လို့ အဓိပ္ပာယ် ထွက်တာကို အများသိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလို လုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက်မှာ တင်ပြခဲ့တဲ့ အတိုင်း တွေ့နေရပါတယ်။

ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။
(၂၀၀၆ ခုနှစ်က ထုတ်တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက် အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲ နေနိုင်ပါတယ်။)

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့