..............................

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အရေးယူမည် ဟု နအဖ တုန့်ပြန်

မင်းနိုင်သူ / ၂၈ မေ ၂၀၀၉

မေ (၂၂) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၀၉ ခုနှစ် မေလတွင် သူမ၏ နေအိမ်သို့ တရားမ၀င် လျှို့ဝှက် ၀င်ရောက်လာသော အမေရိကန် နိုင်ငံသားအား နှစ်ရက်တိုင်တိုင် နေထိုင်ခွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သည့် အတွက် ဥပဒေနှင့် အညီ အမှုဖွင့် တရား စွဲဆိုခဲ့သည်ဟု ဖော်ပြသည်။

ဤသို့တရားစွဲဆိုခြင်းသည် နိုင်ငံရေး အကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ် လာနိုင်ဖွယ်ရာ မရှိသဖြင့် ၎င်းတို့၏ အရေးယူ ဆောင်ရွက်ချက်ကို ဆက်လက် ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။

ထို့နောက် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရန်တွင် ပါဝင်နိုင်ရေး အတွက် ၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၃) ရက်တွင် အကျဉ်းသား (၉,၀၀၂) ဦးနှင့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်တွင် အကျဉ်းသား (၆,၃၁၃) ဦးတို့ကို လွှတ်ပေး ခဲ့ကြောင်းနှင့် မူဝါဒလမ်းစဉ် (၇) ရပ်၏ ပဉ္စမ အဆင့် ဖြစ်သည့် ပါတီစုံ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မေ (၂၂) ရက် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေး အတွက် လိုအပ်သော အခြေအနေ ကောင်းများ ဖန်တီးကာ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်သံအမတ်ဟောင်း တဦးဖြစ်သူ ဦးချန်ထွန်းက “ဒီကိစ္စက ဒေါ်အောင်ဆန်း စုကြည်ကို အမှုဖွင့်လို့ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဒါကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်း စုကြည် တို့ကို အမှုဖွင့် ထားပြီး လုံခြုံရေး တာဝန်ယူရတဲ့ အဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဘာမှ မလုပ်ဘူးဆိုတာ သဘာဝ မကျဘူး။ နောက် ယက်တောက မနှစ်ကတည်းက လာဖူးတာပဲ။ အဲဒါကိုလည်း အာဏာပိုင်တွေကို အကြောင်းကြား ထားတာပဲ။ ဒီအထဲက ထပ်လာနိုင်တယ် ဆိုတာ ဘာ့ကြောင့်လဲ။ ဘယ်သူ့မှာ တာဝန် ရှိလဲဆိုတာ အထင်းသားကြီးပဲ” ဟု သုံးသပ် ပြောဆိုသည်။

“နောက်တခုက သူတို့က အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ ပြောတယ်။ အဲဒီလွှတ်တဲ့ အကျဉ်းသား တွေထဲမှာ နိုင်ငံရေး အကျဉ်းသားက ဘယ်လောက် ပါလို့လဲ။ နှစ်သုတ်ပေါင်းမှ (၂၅) ယောက် လောက်ပဲ ပါတယ် ထင်တယ်။ အများအားဖြင့်က ခိုးဆိုး လုယက်တဲ့ လူတွေကိုသာ အများဆုံး ပြန်လွှတ် ခဲ့တာပဲ။ အဲလိုလူတွေ အများစုကို ပြန်လွှတ်တဲ့ အတွက် အပြင်မှာ ဒုစရိုက်မှုတွေ ပိုများလာတာ ဖြစ်တယ်လို့ ယူဆ ကြတာတွေလည်း ရှိတယ်။ ဒါတွေကတော့ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာနေတဲ့ သဘောပေါ့။ ဒီထက်သာ ပိုဆိုးတဲ့ အခြေအနေကို အစိုးရဘက်က ဖန်တီးခဲ့ရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားတွေ ပိုများလာမှာ ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေလည်း ကောင်းလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာစစ်အစိုးရအပေါ် အစဉ်တစိုက် ပျော့ပြောင်း ညင်သာစွာ ဆက်ဆံခဲ့သည့် အာဆီယံကလည်း ယခုကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရက ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသည် လုပ်ထုံး လုပ်နည်းများနှင့် မညီ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲ တုံ့ပြန်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့