မေကျော်    
စနေနေ့၊ မေလ 23 2009 
ချင်းမိုင် (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေးရန် ကုလလုံခြုံရေး ကောင်စီက မြန်မာ စစ်အစိုးရကို ယမန်နေ့က ပြောဆိုလိုက်သည်။   
တည်ငြိမ်ပြီး အချုပ်အခြာအာဏာ တည်ရှိမည့် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တမျိုးသားလုံး ပါဝင်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် လိုအပ်သည်ဟု ကုလကောင်စီက ပြောဆို လိုက်ခြင်းဖြစ်သည်။   
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်တော့မည့် ဒေါ်စုကို စစ်အစိုးရက မေလ ၁၄ ရက်နေ့တွင် အင်းစိန်ထောင်၌ ပြောင်းရွှေ့ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးကာ ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  
ဒေါ်စုကို အကျဉ်းထောင်အတွင်း ချုပ်နှောင်လိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲမှုအတွက် စိုးရိမ်ကြောင်း လုံခြုံရေး ကောင်စီက ပြောဆိုသေးသည်။  
လုံခြုံရေးကောင်စီ ကိုယ်စား အလှည့်ကျ ဥက္ကဋ္ဌ ဗင်တလေ ချော့ကင် (ရုရှားနိုင်ငံ) က ယင်းကဲ့သို့  သတင်းကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။  
အလားတူပင် လူ့အခွင့်အရေး အထူးကော်မရှင်နာ မင်းကြီး မစ္စ နေဗီပီလေး (Navi Pillay) ကမူ ဒေါ်စု အမှုကို နိုင်ငံတကာ တရားစီရင်ရေး အဆင့် အတန်းနှင့် အညီ တရားမျှတမှု ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် ပြောသည်။  
“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းကို ချိုးဖောက်တယ်လို့ မြန်မာ အာဏာပိုင် တွေက ပြောကောင်း ပြောမှာပါ။ ဒါပေမယ့် သူတို့က သူတို့ ချမှတ်ထားတဲ့ ပြည်တွင်း ဥပဒေကို ပြန်ပြီး ချိုးဖောက်တဲ့ အပြင်ကို  နိုင်ငံတကာ လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ထိန်း လိုက်နာရမယ့် တာဝန်တွေကိုပါ ချိုးဖောက်နေတယ်”  ဟု သူက ပြောသည်။  
၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နှင့် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ၂ ကြိမ်တိုင်တိုင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုခဲ့သည်။ 
မြန်မာ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေသည်။
Ref:   မဇ္ဈိမ 
Monday, May 25, 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် လုံခြုံရေး ကောင်စီ ပြောဆို
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment