..............................

Monday, May 25, 2009

ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး သဘောတူ စစ်အစိုးရက တပ်နေရာ သတ်မှတ်ရန် စီစဉ်ပေး

ဝီရ / ၂၂ မေ ၂၀၀၉

နယ်ခြားစောင့်တပ်အဖြစ် ပထမဦးဆုံး အသွင်ကူးပြောင်းမည့် စောသမူဟဲ ဦးဆောင်သည့် အင်အား (၅၀၀) နီးပါး ရှိသည့် ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) အတွက် လိုအပ်သည့် တပ်အင်အား (၈၈၈) ပြည့်ရန် အခြား ကရင်ငြိမ်း အဖွဲ့များနှင့် ပူးပေါင်း ဖွဲ့စည်းသွားရန် နအဖ စစ်အစိုးရက စီစဉ်နေကြောင်း ယင်းအဖွဲ့မှ တပ်ခွဲမှူး တဦးက ပြောသည်။

“ဗိုလ်ထိန်မောင်နဲ့ ဒီကေဘီအေ အဖွဲ့လက်အောက်က တပ်သားတွေကိုလည်း ကျနော်တို့ တပ်ရင်းတွေမှာ ဖြည့်သုံးဖို့ ရှိတယ်။ တပ်ရင်း (၃) ရင်းစာ ရာထားပြီး ဒီနယ်ခြားစောင့် တပ် နာမည်အောက်မှာပဲ အတူ အလုပ်လုပ်ကြမယ်ပေါ့။ ဒီပထမ (၆) လအချိန်ထဲမှာ တပ်ဆောက်ဖို့၊ စစ်သင်တန်းတွေ တက်ရောက်ဖို့ အဲဒါကို အရင်လုပ်နေပါတယ်။ အောက်တိုဘာလ အထိပေါ့” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။

ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် တည်နေရာအတွက် ကြာအင်း ဆိပ်ကြီးဒေသ အမှတ် (၁) တပ်ရင်း၊ ကျိုက်ဒုံဒေသ အမှတ် (၂) တပ်ရင်းနှင့် အမှတ် (၃) တပ်ရင်းကို ဘုရားသုံးဆူ နယ်စပ်မြို့နှင့် ချောင်းဆုံရွာ သွားသည့် လမ်းမကြီးအကြား (၁၃) ကီလိုမီတာ အကွာတွင် စစ်အစိုးရက စီစဉ်ပေးထားကြောင်း ၎င်းက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ဟောင်သရော အဖွဲ့သည် နအဖ စစ်အစိုးရနှင့် ပြီးခဲ့သည့် ဧပြီ (၃၀) ရက်တွင် ထိပ်ပိုင်းအဆင့် သဘောတူညီမှု ရရှိခဲ့ပြီး ယခုလလယ်ပိုင်းတွင် အောက်ခြေအဆင့် ညှိနှိုင်း ပြီးစီးခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ညွှန်ကြားချက်အရ ၂၀၀၉ အောက်တိုဘာလအထိ (၆) လအတွင်း အပြီးသတ် လုပ်ဆောင်ရမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပထမခြေလှမ်းအဖြစ် ခွဲမှူးအဆင့် စစ်သင်တန်း (၄၅) ရက် တက်ရောက်ရန်၊ အခြေခံစစ်သင်တန်း ရက်ပေါင်း (၉၀) တက်ရောက်ရန်နှင့် တပ် တည်ဆောက်ရန်တို့ ပါဝင်သည်။

ဘုရားသုံးဆူဒေသဝန်းကျင်တွင် နအဖနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း (၆) ဖွဲ့ကျော် ရှိသည်။

ဟောင်သရောအဖွဲ့နှင့် စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်နေသူ တဦးက “ဒီ ကေပီအက်ဖ် (ဟောင်သရော) အဖွဲ့မှာ ရှိတဲ့ခေါင်းဆောင်တွေက စီးပွားရေး အခွင့်အလမ်း ရချင်တဲ့ သူတွေပဲ များတယ်။ နိုင်ငံရေးဘက်ကို စိတ်မဝင်စား ကြဘူးခင်ဗျ။ အောက်ခြေ စစ်သားတွေက ဒီလို ပေါင်းနေမယ်ဆိုရင် ပေါင်းလို့ ရနိုင်ပေမယ့် တပ်ကြပ် အဆင့်လောက် ရှိတဲ့သူတွေက တပ် တတပ်ထဲမှာ ရေရှည်ပေါင်းဖို့ လွယ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

စောသမူဟဲ ဦးဆောင်သော ဟောင်သရောအဖွဲ့ ခေါ် ကေပီအက်ဖ် အဖွဲ့သည် ကေအန်ယူ တပ်မဟာ (၆) လက်အောက် တပ်ရင်းမှ ၁၉၉၇ ခုနှစ် အစပိုင်းတွင် နအဖထံ လက်နက်ချ အလင်းဝင်ပြီး ပြန်လည် ဖွဲ့စည်းထားသည့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ ဖြစ်သည်။

ကော့ကရိတ်၊ မြဝတီဒေသများနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားပိုင်းရှိ မရမ်းချောင်းဂိတ် လမ်းဆုံ ရွာတွင်လည်း ဒီကေဘီအေ အတွက် နယ်ခြားစောင့်တပ် ထပ်တည်မည်ဟု နယ်စပ်ရှိ ငြိမ်းအဖွဲ့ အသိုင်းအဝိုင်းမှ သတင်း ထွက်ပေါ်နေသည့် အတွက် အပစ်ရပ် အဖွဲ့အချင်းချင်း ပဋိပက္ခ ဖြစ်အောင် နအဖက ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ ခရိုင်အုပ်ချုပ်ရေး တာဝန်ခံတဦးက ပြောသည်။

၎င်းက “ဒါ စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေရဲ့ နယ်မြေအချင်းချင်း ထပ်သွားအောင် လုပ်နေတာပဲ။ ဥပမာ ဗိုလ်ချုပ်အောင်နိုင် (မွန်ပြည်သစ်ပါတီ ခွဲထွက်) အဖွဲ့ကို ဘားအံ ပြည်နယ်ထဲက ကော့ယက္ခနဲ့ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် လက်အောက်က တောင်ပေါက်နယ်တွေမှာ ရုံးအခြေစိုက် ခိုင်းထားတယ်။ ကရင် ငြိမ်းအဖွဲ့တွေကိုလည်း မော်လမြိုင်မြို့ပေါ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးထားတယ်။ အခု ဒီကေဘီအေ အဖွဲ့ကလည်း ကျနော်တို့နယ်မြေမှာ နယ်ခြားစောင့် တပ်ရင်းအဖြစ် တည်ခိုင်းထားတယ်။ ဒါတွေဟာ ဘဝတူ တိုင်းရင်းသား အချင်းချင်း ရန်သူတွေဖြစ်အောင် ဖန်တီးနေတာပဲ ဖြစ်တယ်” ဟု ပြောသည်။

နအဖတို့ အခြေစိုက်ခိုင်းသည့် ဒီကေဘီအေအတွက် နယ်ခြားစောင့်တပ်ရင်း တည်နေရာသည် ရေးချောင်းဖျားရှိ မွန်ပြည်သစ်ပါတီ၏ အမှတ် (၇) တပ်ရင်းနှင့် (၁၀) ကီလိုမီတာသာ ကွာဝေးသည်ဟု သိရသည်။

ဒီကေဘီအေအဖွဲ့ ခေါင်းဆောင်များနှင့် စစ်အစိုးရတို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မူအရ သဘောတူမှု ရရှိခဲ့ပြီးနောက် အသေးစိတ်ညှိနှိုင်းရန် မြဝတီမြို့တွင် ဆွေးနွေးနေဆဲ ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့