..............................

Monday, May 25, 2009

စွဲဆိုသည့်ပုဒ်မသည် ကိုက်ညီမှုမရှိဟု ဦးဉာဏ်ဝင်း ပြောကြား

မေကျော်
စနေနေ့၊ မေလ 23 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်သည့် ပုဒ်မသည် ကိုက်ညီမှု မရှိကြောင်း သူမ၏ အမှုလိုက် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၂ ဖြင့် စွဲချက် တင်လိုက်ခြင်းသည် ကိုက်ညီမှု မရှိကြောင်းနှင့် အဆိုပါ ပုဒ်မဖြင့် တရားစွဲရန် ဆုံးဖြတ်ခြင်းသည် မခိုင်လုံကြောင်း ပြောဆိုခြင်း ဖြစ်သည်။

''အမှု အခြေအနေကတော့ မခိုင်လုံဘူး။ မခိုင်လုံဘူးဆိုတာ ကျနော်တို့ အမြင်ပေါ့။ မခိုင်လုံဘူး။ စွဲတဲ့ပုဒ်မနဲ့ မညီိဘူး။ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်'' ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ၅ ရက်မြောက်အဖြစ် အင်းစိန်ထောင်တွင်း အထူး တရားရုံးက တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေး ကြားနာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် စွဲချက် တင်လိုက်သည်။

ဦးဉာဏ်ဝင်းက ''စွဲချက်တင်ပြီးရင် စစ်ပြီးသား သက်သေထဲက ကျနော်တို့ တောင်းဆိုတဲ့ သက်သေကို ပြန်စစ်မယ်။ အဲဒါတော့ ၅ ယောက်ပါ။ နောက် တရားလိုပြ သက်သေထဲက ၁ဝ ယောက်လောက် ကျန်သေးတယ်။ အဲဒါတွေကို ပြန်စစ်မယ်။ အဲဒါတွေ ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်မယ်'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးတော်သို့ ပြန်လည် တောင်းဆို စစ်ဆေးမည့် သူတို့ ၅ ဦးမှာ ရဲဝန်ထမ်းများ ဖြစ်သည်။

အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောသည် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် လုံခြုံရေးက ဖမ်းဆီးခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ယခုလ ၁၄ ရက်နေ့တွင် ဒေါ်စု၊ သူမနှင့် အတူနေသူ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့ကို အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့သည်။ ၁၈ ရက်နေ့တွင် ထောင်တွင်း တရားရုံးက ကြားနာမှုများ ပြုလုပ်ကာ ၅ ရက်အကြာတွင် တရားရုံးက တရားလိုများဘက်က စွဲဆိုသည့် ပုဒ်မအတိုင်း စွဲချက် တင်လိုက်ခြင်းဖြစ်သည်။

ဒေါ်ဆောင်ဆန်းစုကြည်အား ယခုလ ၂၇ ရက်နေ့တွင် အကျယ်ချုပ်သက်တမ်း ပြည့်တော့မည် ဖြစ်သဖြင့် စစ်အစိုးရက လုပ်ကြံ၍ တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း မြန်မာအတိုက်အခံ အများအပြားက ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကရော ယခုအမှုသည် သူ့အပေါ် တမင် ဖန်တီးကြောင်း ရှုမြင် ပါသလားဟု ဦးဉာဏ်ဝင်းကို မေးမြန်းရာ ''သူက အဲလိုတော့ မပြောဘူး။ သူပြောတာက သူ့မှာ အပြစ်မရှိဘူး။ လူသားချင်း စာနာတဲ့ အနေနဲ့ နေရာနဲ့ ကျွေးမွေးတာ လုပ်ခဲ့တယ်။ ဒါလည်း အမှန်ပဲလို့ ပြောပါတယ်'' ဟု သူက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့