..............................

Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုပြသက်သေ စစ်ဆေးမှုပြီးဆုံး ဦးဝင်းတင် အပါအဝင် သက်သေ (၄)ဦး တင်သွင်းရန်ရှိ

NEJ / ၂၅ မေ ၂၀၀၉

ယနေ့ဆဌမမြောက်ရုံးချိန်းတွင် နအဖစစ်အစိုးရက ၎င်းတို့ တင်ပြထားသော သက်သေ (၂၃) ဦးအနက်မှ (၉) ဦးကို ပယ်ဖျက်လိုက်ခြင်းဖြင့် တရားလိုပြ သက်သေ စစ်မေးမှုကို အဆုံးသတ်စေခဲ့ပြီဖြစ်သည်။

“ဒီနေ့ ပြန်ခေါ်သက်သေ (၄) ဦးကို စစ်မေးတယ်။ နောက်စစ်မေးဖို့ ကျန်နေတဲ့ အထဲက (၁) ဦးကို မေးတယ်။ နောက်ထပ် စစ်မေးဖို့ ကျန်နေသေးတဲ့ သက်သေ (၉) ဦးကို အစိုးရက ပယ်ဖျက်လိုက်တယ်တဲ့” ဟု အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ပြန်ခေါ်သက်သေ (၅) ဦးကို ထပ်မံစစ်မေး မှုပြုရန် တင်ပြထားသော်လည်း ယနေ့တွင် (၄) ဦးသာ စစ်မေးခွင့်ရခဲ့သည်။

မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး အမည်စာရင်းကို တင်သွင်းသွားမည် ဖြစ်ပြီး အဆိုပါ (၄) ဦးထဲတွင် ဦးဝင်းတင်၊ ဦးကြည်ဝင်း(အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်) ၊ ဦးတင်ဦး (အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) တို့ ပါဝင်မည် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

အမှုစစ်ဆေးရာ အထူးတရားရုံး၊ အကျဉ်းဦးစီးရှေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များနှင့် ပြည်သူများသည် ယခင်နေ့များအတိုင်း အေးချမ်းစွာ ရှိကြပြီး လုံခြုံရေး အင်အားလည်း လျော့နည်းချထားကြောင်း မျက်မြင်တဦးက ပြောသည်။

“အရပ်ဝတ်လုံခြုံရေးတွေ နည်းသွားပေမယ့် လုံခြုံရေးကား (၃) စီးနဲ့ ၂က/၇၄၄၀ အချုပ်ကား (၁) စီး အသင့်အနေ အထား ရှိနေတာကို ထူးထူးခြားခြား တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ဇိုမီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်တို့ အင်းစိန် (အကစ) ရှေ့သို့ ရောက်ရှိလာကြပြီး (၁၁) နာရီခန့်တွင် ပုံမှန် အစည်းအဝေးရှိသည့် အတွက် ဗဟန်း ရွှေဂုံတိုင်ရုံးချုပ်သို့ ပြန်သွားကြသည်။

ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းတို့်မှ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် အချို့လည်း လာရောက်အင်အား ဖြည့်ကြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုကို မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်တွင် စစ်မေးမှုများပြုလုပ်တော့မည်ဟု ယူဆရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့