..............................

Thursday, May 28, 2009

ဦးအုန်းကြိုင် - (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) နှင့် ဆက်သွယ် မေးမြန်းချက်

ကြာသပတေးနေ့၊ မေလ 28 2009 14:50 - မြန်မာစံတော်ချိန်

” ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ရင်လည်း ဖြစ်မယ်ပေါ့ဗျာ။ နောက်ဆုံးနေ့ မဖြစ်ရင်လည်း အထဲမှာ တရားစီရင်ရေး ထဲမှာ၊ တရားခွင်မှာ စစ်ဆေးမယ့် ဟာက တရားခံပြ သက်သေက ဦးကြည်ဝင်း တယောက်ပဲ ရှိမယ်ဆိုတော့ သိပ်ပြီးတော့ ထူးခြားမယ်လို့ အနေအထား မရှိဘူး။”

” လူတွေကတော့ နေရာအနှံ့မှာ ခါတိုင်းလို စုရုံးစုရုံးတော့ ထိုင်နေကြတာပဲ။ စကားပြော နေကြတာပဲ။ ရဲကားတွေလည်း ၄-၅-၆ စီး ကျနော်တို့ရှေ့မှာ ရပ်နေတာပဲဗျ။ သံဆူးကြိုးတွေ၊ အပိတ်အဆို့တွေ၊ လမ်းပိတ်တာတွေ ကလည်း ဒီအတိုင်းပဲ လုပ်ထားတယ်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူးဗျ။ ရာသီဥတုကလည်း သိပ်ပြီး ဆိုးဆိုးရွားရွား မဟုတ်ဘူး။ မိုးလည်း မရွာဘူး၊ မိုး နည်းနည်း အုံ့နေတယ်။ လူတွေကတော့ ဒီလိုပဲ စကားပြောပြီး စောင့်ကြည့်နေတာပဲ။”

” ဒီနေ့က အမှုကို ပြီးမယ်ဆိုရင် စီရင်ချက်ချတာတို့ သို့မဟုတ်ရင်လည်း လျှောက်လဲချက် တင်တာမျိုးတွေ မရှိဘူးဆိုရင် ၁ နာရီ လောက်ဆို ပြီးသွားနိုင်ပါတယ်။ တယောက်ထဲ ရှိတာကိုး။ တရားရုံးကနေပြီးတော့ နှစ်ဖက် လျှောက်လဲချက် ပေးပါလို့ဆိုရင် လျှောက်လဲရမယ်။ ကျနော်တို့ရှေ့နေတွေ ဦးဉာဏ်ဝင်းတို့က လျှောက်လဲမယ်ဆိုရင် လျှောက်လဲလို့ ရအောင် အဆင်သင့်တော့ လုပ်ထားပါတယ်။”

”ရှေ့နေ ဦးကြည်ဝင်းကို တရားခံပြသက်သေ၊ နောက်ဆုံး သက်သေပေါ့ဗျာ၊ သူ့ကို စစ်ဆေးမယ်၊ ကျန်တဲ့ နှစ်ဖက်ရှေ့နေများကိုလည်း လျှောက်လဲချက် ပေးပါလို့ ရုံးတော်က ပြောရင် အကုန်လုံးတော့ ပြီးသွားမှာပေါ့။ အဲဒီတော့ စီရင်ချက် ချတာကိုတော့ မနက်ဖြန်မှ လုပ်မယ်ဆိုရင်၊ မနက်ဖြန် နေ့လယ်ပိုင်းလောက်မှာ ပြီးသွားမှာပဲ။ စီရင်ချက်ချတာကတော့ ကျနော်ထင်တယ် နာရီဝက်၊ တနာရီထက် ပိုကြာစရာ အကြောင်းမရှိဘူး။ အဲလိုပဲ ထင်ရတယ်ဗျ။”

”ကျန်တာကတော့ ဘာမှမထူးဘူး။ ဒီအတိုင်းပဲ၊ ပုံမှန်ပဲ။ လူတွေက သောက်ရေပေးတာ၊ မုန့်တွေပေးတာတို့၊ ချိုချဉ်တို့ မြေပဲတို့ စသဖြင့် ခါတိုင်းလိုပါပဲ။ တခြားဘက် အခြေ အနေတွေတော့ မသိသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဆက်အသွယ် ကလည်း လမ်းတွေ ပိတ်ထားတာ။ ဟိုး … အင်းစိန် ဂုံးတံတားကြီးဘက် တမိုင်လောက်ကစ ပိတ်ထားတာဆိုတော့ အပြင်လူကလည်း အရောက်အပေါက် နည်းတယ်။ အဲဒီတော့ ဒီနားမှာ ရှိနေတဲ့လူတွေ ရောက်လာပြီးတော့၊ ပြန်မထွက်နိုင်တာဆိုတော့ သိပ် မသိရဘူးဗျ။ ဒီနေ့လည်း လူတွေက စုံပါတယ်။ တော်တော်များများ စုံပါတယ်။ တခြားမြို့နယ်က လာတာတို့။ မှော်ဘီ၊ အိမ်မဲ၊ ပုသိမ်တို့ကလည်း လာပါတယ်။ လူငယ်ခေါင်းဆောင်တွေလည်း လာကြတယ်။ လူတော့ စုံပါတယ်၊ ခါတိုင်းလိုပါပဲဗျ၊ ခါတိုင်းလိုပဲ။”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့