..............................

Thursday, May 28, 2009

ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ တရားရုံး ထွက်ဆိုချက်

ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 18:25 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်နှင့် တရားလိုပြသက်သေ တဦးဖြစ်သူ သတင်းတပ်ဖွဲ့မှ အမှုစစ် ဒုတိယ ရဲမှူးသန်းစိုးအား တရားရုံးက မေးမြန်းခဲ့ရာ မေးမြန်းချက်များနှင့် ထွက်ဆိုချက်များကို ယနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားရာ မဇ္ဈိမက ပြန်လည် တင်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ (ခ) အငယ်လေးတို့သည် အတူတကွ နေထိုင်ပါသလား။

အတူတကွ နေထိုင်ပါသည်။ ကျမအိမ်တွင် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ကို ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီးမိန့်များကို ထုတ်ပြန်ထားပါသလား။

ကျမကိုတော့ ထုတ်ပြန်ထားပါသည်။

အမေရိကန်နိုင်ငံသား Mr. John William Yettaw သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ရောက်ရှိ လာပါသေးသလား။

ရောက်ရှိလာသည်ဟုတော့ ပြောပါသည်။ ကျမတော့ မမြင်ခဲ့ပါ။

သူသည် မေလ ၃ ရက် ညအချိန်တွင် အင်းလျားကန်အတွင်း ရေကူးပြီး ဒေါ်စု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက် ခဲ့ပါသလား။

ကျမ နားလည်သလောက်မှာ မေ ၄ ရက် နံနက်တွင်မှ ရောက်ရှိလာပါသည်။

မည်သူ သတင်းပို့ပါသလဲ။

ဒေါ်ခင်ခင်ဝင်းက လူတယောက် ရောက်နေသည်ဟု ကျမထံ သတင်းပို့ခြင်း ဖြစ်ပါသည်။

ထိုသူမှာ မည်သူဖြစ်ပါသလဲ။

ထိုအချိန်ကတော့ ကျမ မသိပါ။ နောက်ကျမှပဲ သိပါသည်။

ထိုသူမှာ အမေရိကန် နိုင်ငံသား Mr. John William Yettaw ဟုတ်ပါသလား။

ဟုတ်ပါသည်။

Mr. Yettaw ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာ အဖွဲ့အ စည်းများသို့ သတင်း ပို့ခဲ့ ပါသေးသလား။

သတင်းမပို့ခဲ့ပါ။

ဒေါ်စုတို့အနေဖြင့် နေအိမ်တွင် သူ့ကို ဧည့်ခံ ကျွေးမွေး နေထိုင်စရာ ပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ကျမက ခေတ္တခိုလှုံခွင့် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။

Mr. Yettaw ကို အိမ်အတွင်းတွင် ကျွေးမွေးခြင်း၊ လက်ခံ စကားပြောခြင်း၊ ပေးသည့် စာနှင့် လက်ဆောင် ပစ္စည်းများကို လက်ခံ ရယူခဲ့ပါသလား။

Mr. Yettaw နှင့် စကားပြောခဲ့ပါသည်။ စာနှင့် ပစ္စည်းများသည် Mr . Yettaw ကျန်ရစ်ခဲ့တာလား၊ ထားခဲ့တာလား ဆိုသည်ကို ကျမ မသိပါ။ အဲဒီကိစ္စကိုတော့ Mr . Yettaw သာ သိမည် ဖြစ်ပါသည်။

Mr. Yettaw သည် မည်သည့်နေ့၊ မည်သည့်အချိန်တွင် ပြန်လည် ထွက်ခွာ သွားပါသလဲ။

သူသည် မေ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီ အကြား ပြန်လည်ထွက်ခွာသွားပါသည်။

Mr. Yettaw သည် မည်သည့် လမ်းမှ ပြန်လည် ထွက်ခွာ သွားပါသလဲ။

Mr. Yettaw သည် ရေကန်ဘက်သို့ သွားသည်ကိုသာ သိပါသည်။ မှောင်နေ၍ မည်သည့်လမ်းက သွားသည်ကိုတော့ ကျမ မသိပါ။

ဒေါ်စု အိမ်သို့ Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်း တို့က လာရောက် သိမ်းဆည်းပါသေးသလား။

Mr. Yettaw ကျန်ရစ်ခဲ့သော ပစ္စည်းများကို ဒုတိယရဲမှူး တင်ဇော်ထွန်းတို့က လာရောက်သိမ်းဆည်းသွားခြင်း မှန်ကန်ပါသည်။

Mr. Yettaw သည် ဒေါ်စု အိမ်သို့ ရောက်ရှိချိန်က အိမ် ပတ်ဝန်းကျင်တွင် လုံခြုံရေး တပ်ဖွဲ့များ ရှိပါသလား။

ခြံအတွင်းမှာတော့ မရှိပါ။ ခြံအပြင်မှာ ရှိ/မရှိ မသိပါ။

Mr. Yettaw သည် ဒေါ်စု၏ အိမ်အတွင်း၌ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်သွား ပါသေးသလား။

ကျမအိမ်တွင် ရှိစဉ်က ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခြင်း ရှိ/မရှိ မသိပါ။

ဒေါ်စုအနေဖြင့် ကန့်သတ်မိန့်၊ တားဆီးမိန့်နှင့် ဆက်လက် တားဆီး မိန့်ပါ အချက် အလက်များကို သိရှိ ပါသလား။

ရေးသားထားသည့်အတိုင်း သိရှိပါသည်။

ထို့နောက် Mr. Yettaw အပေါ် စွဲဆိုသည့် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၈/၂၀၀၉ မှ စစ်ဆေးရန်ကျန်သော တရားလိုပြသက်သေ သတင်းတပ်ဖွဲ့မှ အမှုစစ် ဒုတိယ ရဲမှူးသန်းစိုးကို ဆက်လက်စစ်ဆေးသည်။

မိမိသည် ဗဟန်းရဲစခန်း (ပ) ၃၀၂ /၀၉ လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) အမှုကို စုံစမ်စစ်ဆေးရန် မေ ၁၁ ရက်တွင် လက်ခံရရှိသည်။ မေ ၁၂ ရက်တွင် တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေးပြီး ဒုတိယ ရဲမှူး မောင်မောင်မြင့်နှင့် ဒုတိယ ရဲမှူးတင်ဇော်ထွန်းတို့ လွှဲပြောင်းပေးသော ရှာဖွေပုံစံများကို လက်ခံခဲ့သည်။ ထို့နေ့တွင်ပင် ၎င်းအမှုနှင့် ဆက်စပ်၍ Mr. Yettaw ၏ လက်ရေးနမူနာ ရယူပြီး ဒေါ်စုအိမ်မှ သိမ်းဆည်းရမိခဲ့သော Mr. Yettaw ၏ လက်ရေးများနှင့် တိုက်ဆိုင်စစ်ဆေးရန် မှုခင်းတပ်ဖွဲ့သို့ ပေးပို့အကြောင်းကြားခဲ့သည်။ ထိုနေ့တွင်ပင် Mr. Yettaw အား စစ်ဆေးခဲ့သည်။

မေ ၁၃ ရက်တွင် သက်သေများကို ဆက်လက်စစ်ဆေးသည်။ ဒုတိယရဲမှူး စကျော်ဝင်း လွှဲပြောင်းပေးသော ရှာဖွေပုံစံနှစ်စောင်ကို အမှုတွင် ထည့်သွင်း တင်ပြခဲ့သည်။ မေ ၁၄ ရက်တွင် Mr. Yettaw အား အမှုဖြင့် ဖမ်းဆီးကာ ဗဟန်းရဲစခန်း စွဲချက်အမှတ် ၂၆၄ /၀၉ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း ထွက်ဆိုသည်။

အမှုများကို ဆက်လက် စစ်ဆေးကြားနာရန် မေ ၂၇ ရက် နံနက် ၁၀ နာရီသို့ ချိန်းဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့